မကြာသေးမီအချိန်က အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ၊ အထင်လွဲမှုများကြုံတွေ့ခဲ့ရတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်က သူမရဲ့လက်တွဲဖော်ဖြစ်လာမယ့်သူအတွက် စံနှုန်း သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“စံနှုန်းဆိုတာတော့ မရှိပါဘူး။ ဘယ်လိုပုံစံမျိုး ဖြစ်ရမယ်တို့ ဘယ်လို အရည်အချင်းမျိုး ရှိရမယ်တို့ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ အဓိကက ကိုယ့်ကို ချစ်ရမယ်။ ကိုယ်လုပ်တဲ့ အနုပညာအလုပ်မှာ နားလည်ပေးရမယ်။ ကိုယ့်ရဲ့ မိဘကိုလည်း ရိုသေရမယ်။ အဲဒီလို အမျိုးသားမျိုးဖြစ်ရင် ရွှေပိုးက လက်တွဲမှာပါ”လို့ ရွှေပိုးအိမ်က ပြောပါတယ်။
လက်ရှိ အချစ်ရေးအနေနဲ့ကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး အနုပညာအလုပ်တွေ လုပ်ရင်း ပရိသတ်ရဲ့ရင်ထဲ နေရာ တနေရာ ရသွားပါက အချစ်ရေးကို စဉ်းစားမယ်လို့ ပြောပါတယ်။
“အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ရွှေပိုးကို ချစ်တဲ့ ပရိသတ်တွေကို ချစ်တယ်။ အမေနဲ့ အစ်မကိုချစ်တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ကတော့ နေရာလေးတနေရာ ရလာပြီ။ ပရိသတ်က ရင်ထဲမှာ ရှိနေပြီဆိုတဲ့ အခါကျမှပဲ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေကို စဉ်းစားမှာပါ” လို့ ရွှေပိုးအိမ်က ဆိုပါတယ်။
သူမကို ဝေဖန်တိုက်ခိုက်ခဲ့သူတွေကိုလည်း လွတ်လပ်စွာပြောပိုင်ခွင့်ရှိတဲ့အတွက် ပြောဆိုတာတွေကို ဘာမှ မတုန့်ပြန်ပါဘူးလို့ ဆိုပါတယ်။
“ဝေဖန်သူတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ လူတိုင်း လူတိုင်းမှာ ဝေဖန်ခွင့်လည်းရှိသလို ချီးကျူးခွင့်လည်း ရှိတယ်။ နောက်ပြီးတော့ အကြံပေးခွင့်လည်း ရှိတယ်။ ဒါဟာ လူတိုင်း လူတိုင်းအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတော့ ဘာမှ မပြောချင်ပါဘူး” လို့ ဆိုပါတယ်။
လတ်တလောမှာတော့ “အစွန်း နှစ်ဖက်” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးထားပြီး ပရိသတ်ရင်ထဲမှာရှိတဲ့ အနုပညာရှင် တယောက်အဖြစ် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ရွှေပိုးအိမ်က ရုပ်ရှင်ဇာတ်ကားများ ၊ ဗီဒီယိုဇာတ်ကား မျာစွာ မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။
“ပရိသတ်တွေ၊ အနုပညာမောင်နှမတွေက လက်တွဲခေါ်လို့ အခုချိန်ထိ အနုပညာလောကထဲမှာ နေလို့ ရနေတာပေါ့နော်။ ရွှေပိုးကျတော့ အနုပညာ အသိုင်းအဝိုင်းလည်း မရှိဘူး။ ပြီးတော့ ကူညီမယ့်သူတွေလည်း မရှိတဲ့ အတွက်ကြောင့် မာန်ထက်ချီက သရုပ်ဆောင်ရွေးပွဲမှာ ဝင်ပြိုင်ပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်လာ ခဲ့တာဆိုတော့ ဒီနေ့ထိ ရပ်တည်နိုင်တာ ကံကောင်းတယ်လို့လည်း ပြောလို့ရတယ်။ ကျေနပ်တယ်လို့လည်း ပြောလို့ရပါတယ်” လို့ ရွှေပိုးအိမ်က ဆိုပါတယ်။