နုပျိုခြင်းရဲ့ကျိန်စာ (သို့မဟုတ်) The Age Of Adaline (2015)
ဒီတခါမှာတော့ IMDB rating (7.2) ရရှိထားတဲ့ ဒရာမာ ရုပ်ရှင်ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Lee Toland Krieger ကရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီး Blake Lively ၊ မင်းသား Michiel Huiseman နဲ့ မင်းသားကြီး Harrison Ford တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Adaline Bowman ဟာ သာယာတဲ့ အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်တဲ့ သမီးတယောက်မိခင် အမျိုးသမီးတဦး ဖြစ်ပါတယ်။ မိုးတွေသည်းသည်းမည်းမည်း ရွာနေတဲ့ တနေ့မှာတော့ Adaline တယောက် ကား မတော်တဆမှု တခုဖြစ်ခဲ့ပြီး သေမလိုဖြစ်ရာကနေ မိုးကြိုးထိမှန်ပြီး Shock ရိုက်လိုက်သလို ဖြစ်သွားကာ ပြန်လည် အသက်ရှင်လာခဲ့ပါတယ်။
ဒီထူးဆန်းတဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပြီးတဲ့ နောက်မှာတော့ Adaline ဟာ ထာဝရ အသက်ရှင်သန်ခွင့်ကို ရရှိခဲ့ပြီး အသက်လည်း ဘယ်တော့မှ မကြီးတော့တဲ့ ၂၉ နှစ်အရွယ် အမျိုးသမီးတယောက် အနေနဲ့ပဲ ရှင်သန်သွားပါတော့တယ်။
ဒီလိုမျိုး ထူးဆန်းတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့တဲ့ Adaline ကို တစစနဲ့ လူတွေက သတိထားမိလာကြပြီး FBI ကပါ ဖမ်းဆီးပြီး စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ ကြံစည်လာတဲ့နောက်မှာတော့ နေရပ်နဲ့ သမီးဖြစ်သူတို့ကို စွန့်ခွာခဲ့ပြီး လူတွေ သတိ မထားမိအောင် တနေရာပြီးတနေရာ ပြောင်းရွှေ့ နေထိုင်ခဲ့ရပါတော့တယ်။
လူတွေနဲ့ ခပ်ဝေးဝေးမှာသာ နေထိုင်ခဲ့တဲ့ Adaline တယောက် Ellis ဆိုတဲ့ကောင်လေးတယောက်နဲ့ မထင်မှတ်ဘဲ တွေ့မိခဲ့ပြီး အချစ်စစ်ကို ပြန်လည်ခံစားမိခဲ့ရာကနေ Ellis နဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပြီး Ellis ရဲ့မိဘတွေနဲ့ Adaline ကို မိတ်ဆက် ပေးတဲ့အချိန်ကစလို့ ပြဿနာ စပါတော့တယ်။
ပြသနာကတော့ Ellis ရဲ့အဖေဖြစ်သူဟာ Adaline ရဲ့ အတိတ်က ရည်းစားဟောင်းဖြစ်ခဲ့တာကြောင့် Adaline ကိုမှတ်မိသွားပြီး ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုဖို့ပဲ တိုက်တွန်းချင်ပါတယ်။
လူသားတိုင်း လိုချင်တဲ့ ဘယ်တော့မှ မအိုမင်းတော့တဲ့ ဆုလာဘ်နဲ့ ထာဝရ ရှင်သန်ခွင့်ကို ရရှိခဲ့တဲ့အခါမှာရော ဘဝဟာ ထင်သလောက် ပျော်စရာကောင်းသေးရဲ့လား ဆိုတာကို ဒီဇာတ်ကားက အစကနေ အဆုံးအထိ စဉ်းစားခန်း ဖွင့်စေမှာ ဖြစ်တာကြောင့် ဒရာမာဇာတ်ကားကောင်း ကြိုက်နှစ်သက်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။