ပရိသတ်တွေ ရင်ထဲရောက်အောင် သီချင်းတွေ သီဆိုတတ်တဲ့ အဆိုတော် ချစ်ကောင်းက အနုပညာ ဂီတလမ်းကြောင်းမှာ လျှောက်လမ်းလာတာ နှစ် ၃၀ ကျော် ရှိနေပါပြီ။ အဆိုတော် ချစ်ကောင်းရဲ့ ဂီတသက်တမ်း နှစ် ၃၀ ကျော်အတွင်း ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံ့တွေကလည်း မနည်းလှပါဘူး။ နှစ်ပေါင်းများစွာထိ ဂီတလောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ဖို့ ဆိုတာကလည်း အဆိုတော်တယောက် အတွက် ခက်ခဲပါတယ်။
အဆိုတော် ချစ်ကောင်းကို အရင်ခေတ်နဲ့ အခုခေတ်တွေ ဂီတအနုပညာ ကွာခြားမှုများ၊ ဖြတ်သန်းလာခဲ့တဲ့ ဂီတ အတွေ့အကြုံ့များနဲ့ ခံစားချက်များကို ဧရာဝတီ အနုပညာ သတင်းထောက် ချစ်ပိုးက ချစ်ကောင်းနဲ့ အခုလို သီးသန့် တွေ့ဆုံကာ မေးမြန်းထားပါတယ်။
မေး။ ။ အဆိုတော် ဦးချစ်ကောင်းရဲ့ လတ်တလော ဂီတလှုပ်ရှားမှုတွေ အကြောင်းကနေ စပြီး သိချင်ပါတယ်။
ဖြေ။ ။ ကျနော် ရှိုးတွေဆိုတယ်။ ပြင်ဆင်နေတာကြာပြီဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် အခွေလေးကို ပြင်ဆင်နေတယ်။ တနှစ်ခွဲလောက်ရှိပြီ။ အပြီးတာ့ မသတ်နိုင်သေးဘူး။ နောက်ပြီး ပရိသတ်ကိုပေးချင်ပေမယ့် အခွေတခွေရဲ့ အရင်းအနှီးကလည်း သိန်းရာဂဏန်း ရှိတာကိုး။ ပြန်တော့ ရစရာ လမ်းမရှိဘူး။ ကိုယ့်သီချင်းတွေကို ချပြလိုက်တဲ့ သဘောကလွဲလို့ ကိုယ်ဘာမှ ပြန်မရဘူး။
မေး။ ။ အဆိုတော် တော်တော်များများက အခုခေတ်မှာ ခွေထုတ်ဖို့ အတော်အားယူနေရတာကို တွေ့ရတယ်။ တခြား အခက်အခဲတွေက ဘာတွေရှိလို့လဲ။
ဖြေ။ ။ အဓိကကပိုက်ဆံပေါ့။ အခွေထုတ်ဖို့ အရင်းအနှီး လိုတယ်လေ။ အခွေလေးတခွေ ပရိသတ်ကိုပေးမယ်။ ခိုးကူးတို့ ဘာတို့တော့ မသုံးချင်ဘူး။ အဲ့လိုတွေလည်း ရှိတယ်။ ကျနော်တို့ဆီမှာ မူရင်းခွေကိုဝယ်ဖို့တော့ တော်တော်လေး အားနည်းပါတယ်။ အခုခေတ်က တိုးတက်လာတော့ လွယ်လွယ်ကူကူ CD နဲ့ ကူးလို့ရတယ်။ အင်တာနက်ကနေ Youthube ကနေ ဒေါင်းလော့လုပ်လို့ရတာတော့ မူရင်းအခွေဝယ်ဖို့ အားနည်းလာတယ်။
ကျနော်တို့က အခွေမူရင်း ၁၀ ခွေ ရောင်းနေရချိန်မှာ အပြင်မှာ အချပ် ၁၀၀လောက် ထွက်နေတယ်။ ပရိသတ်ကြားထဲ မူရင်းမရောက်ဘဲ ကော်ပီတွေရောက်တာ။ ဒါကိုလည်း အပြစ် မမြင်ပါဘူး။ အဆိုးရှိမယ်၊ အကောင်းရှိမယ်။ ရှေ့မှာလည်း ထွက်ခဲ့တဲ့ ညီကိုမောင်နှမတွေက အများကြီးပါ။ အဆုံးရှုံးခံပြီး ထွက်ရတာ။ ပေးချင်တဲ့အခါကျတော့ အဆုံးရှုံးခံပြီး ပေးရတာပါ။ ဒါကို တော်တော်များများလည်း သိကြမှာပါ။
ဒါကြောင့်လည်း ကျနော်တို့ အနုပညာရှင် အဆိုတော်တော်တော်များများက မူရင်းခွေလေးကို အားပေးဖို့ တိုက်တွန်းကြတာ ပါ။ ဒါက ကျနော်ကုန်ကျသွားတာကို ကာမိအောင် မဟုတ်ပါဘူး။အနုပညာကို ချစ်တယ် မြတ်နိုး တန်ဖိုးထားတယ် ဆိုတဲ့ အနေအထားကို မျှော်လင့်တာ။ သီချင်းတပုဒ် ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ပရိသတ်ကြားထဲ ရောက်သွားတာ ပေါက်သွားတာက ကျနေ်ာတို့ကို အသိအမှတ်ပြုတာပါ။ ကျနော့် တကိုယ်တော် အခွေလေးကိုလည်း ဆောင်းတွင်းလောက် ထွက်နိုင်အောင် စီစဉ်နေတယ်။
မေး။ ။ အဲဒီ တကိုယ်တော် တေးစီးရီးကိုရော နာမည်လေးရော ပေးပြီးပြီလား။ သီချင်းဟောင်းလေးတွေရော ပါမလား။
ဖြေ။ ။ နာမည်ကတော့မပေးရသေးပါဘူး။ ကိုယ့်ခွေတွေထွက်တိုင်း အလှည့် ၁ ၊ အလှည့် ၂ ၊ အခုတော့ အလှည့် ၃ ပေါ့။ အဲလို ပေးဖြစ်တယ်။ ဒါပေမယ့် နာမည်တခုတော့ ပေးမှာပါ ။ အလှည့် ၃ က ထုတ်မယ်ဆိုပြီး မထုတ်ဖြစ်လိုက်တာနဲ့ ဒါလေးက အလှည့် ၃ ဖြစ်သွားတာပါ။ သီချင်းဟောင်းလေးတွေလည်း ပြန်ပါမှာပါ။
မေး။ ။ သီချင်းတွေကို အွန်လိုင်းကနေရော ဖြန့်သွားဖို့ ရှိဦးမလား။
ဖြေ။ ။ ကျနော်တို့ ဖြတ်သန်းလာတဲ့ အနှစ် ၃၀ ကျော်လောက်ကြီးရဲ့ ဖြတ်သန်းမှုအတွက်ကကျတော့ Album တခွေလုံးပဲ ပရိသတ်ကို ပေးချင်တယ်။ အရင်တည်းက ပရိသတ်ကို အခွေလိုက်ပဲ ပေးခဲ့တော့ အဲ့လို အခွေလိုက်ပဲ ပေးချင်တဲ့ စိတ်ကြီး ဖြစ်နေတာ။ အွန်လိုင်းကနေ ပရိသတ်ကိုချပြ သီချင်းလေးတွေ ပေးဖို့လည်း စဉ်းစားထားတယ်။ စိတ်ကူးလည်း ရှိပါတယ်။ ဆောင်းအဝင်လောက်မှာ ပရိသတ်ထဲကို အွန်လိုင်းကနေပဲ ပေးသွားမယ်။
မေး။ ။ အရင်ခေတ်က ခွေထုတ်ရတာနဲ့ အခုခေတ် ဘယ်လိုတွေ ကွာသွားမလဲ။
ဖြေ။ ။ ၂၀၀၀ ခုနှစ်လောက်မှာ အဲ့ဒီ ခိုးကူးတွေစပြီ။ ကျနော် ကလေးတွေနဲ့ပဲ ပေါင်းပြီး အခွေလေး လုပ်တယ်။ ကျနော်က ခိုကူးမှာ ကျနော် စဉ်းစားလိုက်တယ်။ ကျနော် ဆင်ဆာတွေနဲ့ စာအမှတ်တွေနဲ့ ပါတဲ့ခွေကို အစစ်ပုံစံတိုင်း စာပေ စစ်ဆေးရေးရဲ့ ခွင့်ပြုချက်တွေနဲ့ စတေကာတွေ ဘာတွေ ကပ်ပြီးရောင်းတယ်။ ရောင်းတာကိုလည်း နောက်ဆုံးတော့ ခိုးကူးတွေ လက်ထဲ ပြန်ထည့်ရတာပေါ့။ ခင်ဗျားတို့ ခိုးကူးမယ့် အတူတူ ကျနော့် ခွေ မကူးနဲ့။ ၅၀၀ နဲ့ ရောင်း ဆိုပြီး ပေးလိုက်တယ်။
အဲ့လိုနည်းနဲ့ စီးပွားရှာတဲ့သူတွေကို ဆွဲမတာ။ ပရိသတ်လက်ထဲလည်း ရောက်တယ် ။ အနုပညာအရလည်း အောင်မြင်တယ်။ ပိုက်ဆံလည်း ပြန်ရတယ်။ အဲ့တုန်းက ကျနော်စွန့်စားခဲ့တယ်။ ကျနော်ကို အနုပညာအသိုင်းအဝိုင်းက အစဉ်လာ ဖြတ်တယ်။ ဒါကမလုပ်ကောင်းဘူးပေါ့။ ကျနော်အပြောခံခဲ့ရ ပြီးပြီ။ ကျနော်လည်း လုပ်တာပဲ ရှိတယ်။ ကျန်တဲ့ အနုပညာရှင်တွေက လိုက်ပြီး မပါလာတော့ ဒီစနစ်လည်း ပျက်တာပေါ့။ စနစ်ပျက်တော့ ကျနော်တို့လောကလည်း ပျက်တာပေါ့။ အခုခေတ်ကတော့ အွန်လိုင်းကနေပါ ရှိနေတော့ပိုဆိုးတာပေါ့။
မေး။ ။ အရင်ခေတ်က အနုပညာရှင်တွေနဲ့ ဒီဘက်ခေတ် အနုပညာရှင်တွေ ပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ခေတ်ကြီးကတိုးတက်လေ အကောင်းအဆိုး တွဲလေ၊ ဆုတ်ယုတ်ဖို့ကလည်း ပိုများတယ်။ ကောင်းတာလည်း ရှိသလို ဆိုးတာလည်း ရှိတယ်။ ဒါကျနော်ရဲ့သုံးသပ်ချက်ပေါ့။ ကျနော်တို့ဘဝ အစတုန်းကလည်း ငွေရေးကြေးရေး ရတာ နည်းတယ်။ ဒါပေမယ့် အကြီးအငယ် Respect ရှိတယ်။ ကျနော်တို့ထက်အောင်မြင်ထားတဲ့ ရှေ့က စီနီယာကြီးတွေကို Respect ပေးရတယ်။ ဘာနဲ့ပေးသလဲဆို ကျနော်တို့ ဆိုလို့ရတဲ့ ညကြေးနဲ့ ဂါရဝ ထားတယ်။ အခုခေတ်က အဲ့လိုတွေ မရှိဘူး။
နောက် နယ်သွားရင် မောင်နှမတွေလို စည်းစည်းလုံးလုံးနဲ့ ပျော်ဖို့ကောင်းတယ်။ ကျနော်တို့တုန်းကတော့ ဇရပ်လည်း တည်းရတယ်။ဘုန်းကြီးကျောင်းလည်း နေခဲ့ရတယ်။ ကိုယ့်အိပ်ယာလိပ်တောင် ကိုယ်ထမ်းပြီး ခရီးတွေ ထွက်ကြရတယ်။ ကားစီစဉ်ထားရင်လည်း အဲကွန်းလည်းမပါ ဖုန်တထောင်းထောင်းနဲ့ ဒီလိုစီစဉ်ထားရင် ဒီလိုဆိုပြီးသွားရတယ်။ ခုခေတ် ကတော့လေယာဉ်နဲ့မှ ဘာကားနဲ့မှ ဆိုပြီး ဖြစ်ကြတယ်။ ဒီဘက်ခေတ်က တိုးတက်တယ်၊ နွေးထွေးမှု မရှိဘူး။
မေး။ ။ ဦးချစ်ကောင်းအနေနဲ့ နှစ် ၃၀ ကျော်ကြာ အချိန်တွင်းမှာ အောင်မြင်မှု တည်တံ့ဖို့ ဘယ်လို ကြိုးစားခဲ့ရလဲ။
ဖြေ။ ။ စန်းပေါ့နော်။ စန်းဆိုတာ ကံကောင်းတာတို့ အောင်မြင်တာတို့နဲ့ မဆိုင်ဘူး။ ပါရမီပါတယ်။ ကြိုးစားတယ်။ အားထုတ်ရတယ်။ လုံ့လ ဝီရိယ ရှိရတယ်။ အဲ့တာအားလုံး ပေါင်းမှ စန်းဖြစ်တာ။ အောင်မြင်ပြီး ကျသွားသူတွေက စန်းကုန်သွားလို့။ အဲ့တော့ သီချင်းဆိုတာကို ဒီလိုဆို ဆိုပြီးသင်ပေးလို့ရပေမယ့် ဒီအောင်မြင်မှုကို ဒီလိုလုပ်ယူပါ ဆိုပြီး သင်ပေးလို့မရဘူး။ ကျနော်တို့လည်း စန်းကုန်တဲ့တနေ့ လစ်ရမှာပါ။
မေး။ ။ သမီးဖြစ်တဲ့ အိမ်ချစ်ကလည်း အခုချိန်မှာ အရမ်းကို အောင်မြင်လာတဲ့အပေါ် ဖခင်တယောက် အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ကိုယ့်သမီးလေး အောင်မြင်တော့ ပျော်တယ်။ ဘာနဲ့မှကို တိုင်းလို့ မရအောင် ဖြစ်တယ်။ သူကိုယ်တိုင်လည်း သူ့ရဲ့ ပါရမီနဲ့ သူ့ရဲ့ ကြိုးစားမှု၊ သူ့ရဲ့ ရှင်သန်မှုတွေနဲ့ သူလုပ်နေတာ။ အဲ့အတွက် ကျနော်က ပိုတောင်မှ ဂုဏ်ယူသေးတယ်။ ဒီထက်လည်း သာအောင် ပြောစရာ စကားလုံး မရှိပါဘူး။ ဒါလည်း ဘုရားပေးတာပါ။ ကျနော်ပေးတာ မဟုတ်ဘူး။
မေး။ ။ ဦးချစ်ကောင်းရဲ့ ပရိသတ်တွေ အတွက် အမှတ်တရ စကားလေး ပြောပေးပါဦး။
ဖြေ။ ။ ကျနော်ကို လက်ခံအားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ လေးလည်း လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ။
ဆက်စပ် သတင်းလင့်ခ် – “သူများသီချင်းနဲ့ ရပ်တည်တာ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတာပဲ”လို့ဆိုတဲ့ ချစ်ကောင်း