မြန်မာ့ရုပ်ရှင်လောကမှာ အဟန့်အတားတခုသဖွယ် ဖြစ်နေတဲ့ ရုပ်ရှင်ဆင်ဆာကြောင့် အချို့သော ရုပ်ရှင်ဇာတ်ကားများ ပြသခွင့် မရရှိဘဲ ဖြစ်နေတာတွေ အများကြီး ရှိနေပါတယ်။ အဲဒီဆင်ဆာနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက ဆင်ဆာများ ဒီထက်ပိုပြီး ဖြေလျော့ပေးရင် ပိုကောင်းလိမ့်မယ်လို့ ပြောပါတယ်။
“ဆင်ဆာက ဒီထက်ပိုပြီး ဖြေလျော့ပေးရင် ပိုကောင်းပါလိမ့်မယ်။ အမျိုးဘာသာ သာသနာကို အနှောင့်အယှက် မပေးဘူး။ လူငယ်တွေအတွက် အဆိပ်အတောက် မဖြစ်စေမယ့် တချို့ကိစ္စတွေဆို ခွင့်ပြုပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် တချို့ဆင်ဆာတွေက ဘယ်နိုင်ငံမှာမှ မရှိတဲ့ဆင်ဆာတွေ မြန်မာနိုင်ငံမှာ ရှိနေတယ်”လို့ ခန့်စည်သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဌာနဆိုင်ရာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ပုဂ္ဂိုလ်များက ဆင်ဆာနဲ့ ပတ်သက်ပါက အထိခိုက် မခံကြပဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်တာတွေ ရှိကြတယ်လို့ ဆိုပါတယ်။
“ဒီမှာက ဌာနဆိုင်ရာတို့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေက အထိခိုက် သိပ်မခံကြဘူး။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ ရဲဆိုလည်း ရဲအလျောက်၊ ဆရာဝန်ဆိုလည်း ဆရာဝန်အလျောက် တခြားဝန်ထမ်း ဆိုလည်း ဝန်ထမ်း ပေါ့။ ကျနော်တို့နိုင်ငံမှာ အဂတိ တိုက်ဖျက်တဲ့ ကော်မတီကြီးရှိတယ်လေ။ အဲဒီဟာကို ဆင်ဆာအဖွဲ့က မလိုချင်ပုံ ရပါတယ်။ ဒါကို ဖုံးထားချင်ပုံရပါတယ်” လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူကတော့ လက်ရှိမှာ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “အချစ်နှစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေပြီး ယခုနှစ်ထဲမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ရုံတင်ဖို့ရှိတယ်လို့ ပြောပါတယ်။
“ဒီနှစ်ထဲမှာတော့ ရုံတင်ကားနည်းနည်း နည်းတယ်။ “သုံးရောင်ခြယ်” ကတော့ ဟာသကား မဟုတ်ဘူး။ “ဆိုင်းကြိုက်တဲ့မောင်” ကတော့ ဟာသပုံလေးပေမယ့် ဟာသကား မဟုတ်ဘူး။ “အခုပင်လယ်ကြီးက ဘာပြောလဲ” ရုံတင်ဖို့ ရှိပါတယ်။ ဒီနှစ်ကတော့ ဟာသကားနည်းပါတယ်” လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူကတော့ မေတ္တာသင်္ဂဟ ပရဟိတအဖွဲ့နဲ့ အတူ ပရဟိတလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အနုပညာ လုပ်ငန်း များကိုလည်း ပရိသတ်နဲ့ အဆက်မပြတ်ရအောင် ဆက်တိုက ်ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။