ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ အခုလတ်တလောမှာ ကမ္ဘာတဝန်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတဲ့ “Incredibles 2” ကာတွန်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အမေရိကန် သုံးဘက်မြင်ကွန်ပျူတာ အန်နီမေးရှင်း စူပါဟီးရိုးရုပ်ရှင်ဖြစ်ပြီး Pixar Animation Studios က ထုတ်လုပ်ထားကာ Walt Disney Pictures က ဖြန့်ချိပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Brad Bird က ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Incredibles ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ သာမန်ဘဝနဲ့ နေထိုင်နေကြတဲ့ Parr မိသားစုဟာ စူပါဟီးရိုးတွေအပေါ် လူထုရဲ့ ယုံကြည်မှု ပြန်လည် ရရှိလာဖို့ ကြိုးစားတဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အသံသရုပ်ဆောင်တွေ အဖြစ် Craig T. Nelson, Holly Hunter, Sarah Vowell နဲ့ Samuel L. Jackson တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က The Incredibles ရုပ်ရှင်ရဲ့ အောင်မြင်မှုနောက်ပိုင်း ဒါရိုက်တာ Bird ဟာ နောက်ဆက်တွဲ ဇာတ်လမ်းရိုက်ကူးဖို့ စိတ်ဝင်စားတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် ရုပ်ရှင်ကို ရိုက်ကူးဖို့ကို လက်လွှတ်ခဲ့ပြီး တခြားရုပ်ရှင် ထုတ်လုပ်ရေးတွေကိုသာ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်၊ မတ်လမှာတော့ နောက်ဆက်တွဲဇာတ်လမ်းကို အကောင်အထည်ဖော်နေပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ ပေမယ့် ဒါရိုက်တာ Bird ဟာ ဇာတ်ညွှန်းနဲ့ အစားထိုးမယ့် သရုပ်ဆောင်တွေ အတွက်ကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။
အခုလက်ရှိ အချိန်အထိတော့ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၆၈ သန်းရရှိထားပြီး ၂၀၁၈ ခုနှစ်ရဲ့ ဒဿမမြောက် ရုံဝင်ငွေ အများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။ အကောင်းမြင်မှတ်ချက်စကားတွေ နဲ့ သတ်မှတ်ခံခဲ့ရတဲ့အပြင် Animation နဲ့ ဟာသဇာတ်ဝင်ခန်းတို့ကြောင့် ချီးမွမ်းခံခဲ့ရပါတယ်။
Parr မိသားစုဝင်တွေဖြစ်တဲ့ Bob, Helen, Dash, Violet နဲ့ Jack-Jack တို့ဟာ အရင်ရုပ်ရှင်မှာ Syndrome ကို အနိုင်ရခဲ့ပြီးတဲ့နောက် The Incredibles ဆိုတဲ့ စူပါဟီးရိုးအဖွဲ့နာမည်နဲ့ လုပ်ငန်းတွေ ဆက်လက်လှုပ်ရှား နေခဲ့ပါတယ်။ Metroville ဘဏ်ကို ဖောက်ထွင်းခဲ့တဲ့ ရန်သူကြီး Underminer ကို တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် အာဏာပိုင်တွေက ယင်းဖြစ်ရပ်အတွက် ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ တော်တော်လေးစိုးရိမ်ခဲ့ကြပါတယ်။
တကမ္ဘာလုံးမှာရှိတဲ့ စူပါဟီးရိုးတွေကနေ နာမည်ဝှက်တွေနဲ့ လျှို့ဝှက်လုပ်ငန်းတွေကို တိတ်တဆိတ်လုပ်ကိုင် နေရပါတယ်။ ဒါကြောင့် Parr မိသားစုဟာ မိုတယ်တခုကို မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ တနေ့တော့ စူပါဟီးရိုးတွေကို အားပေးတဲ့ ပရိသတ် တယောက်ဖြစ်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ သူဌေးတယောက်ဖြစ်တဲ့ Winston Deavor ဆိုသူနဲ့ ချိတ်ဆက်မိပြီးတဲ့ နောက် Elastigirl ဖြစ်တဲ့ Helen Parr ဟာ New Urbem မှာ ဖြစ်ပေါ်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နှင်း ကိုင်တွယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။
အစီအစဉ် တစိတ်တပိုင်းအနေနဲ့ Winston ဟာ Parr တို့မိသားစုကို အိမ်သစ်တလုံး ထောက်ပံ့ပေးခဲ့ပေမယ့် ကလေးတွေကို ဖခင်ဖြစ်သူ Bob ကသာ ကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။ အစပိုင်းမှာတော့ ကလေးထိန်းရတာ အခက်အခဲတွေ့ခဲ့ပေမယ့် အိမ်မှာပဲနေရတဲ့ မိဘတယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။
တနေ့တော့ အငယ်ဆုံးသားလေး Jack Jack ရဲ့ စူပါပါဝါတွေကို မြင်တွေ့ခဲ့ပြီးနောက် ကလေးထိန်းရတာ ပိုခက်ခဲ လာခဲ့ပါတယ်။ အဲဒီနောက်သူဟာ နာမည်ကျော် စူပါဟီးရိုးဝတ်စုံ ဒီဇိုင်နာ Edna Mode ဆီ Jack Jack ကိုခေါ်သွားခဲ့ပြီး စူပါဟီးရိုး ဝတ်စုံတခုကို ချုပ်လုပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တဖက်မှာလည်း Helen ဟာ ထူးဆန်းတဲ့ Screenslaver ဆိုတဲ့ လူဆိုးနဲ့ ရင်ဆိုင်နေရပြီး ဒုက္ခတွေ့နေခဲ့ပါတယ်။ အဲဒီနောက် Bob ကိုပါ လိမ်ညာခေါ်ဆောင်ခဲ့ပြီး Screenslaver ရဲ့ လက်အောက် ကျရောက်စေခဲ့ပါတယ်။
တဖက်မှာလည်း အိမ်မှာကျန်ခဲ့တဲ့ ကလေး ၃ ယောက်ကို Frozone ကစောင့်ရှောက်ခဲ့ ပေမယ့် ဒုက္ခအကြီးအကျယ် ရောက်ဖို့ အနည်းငယ်သာ လိုပါတော့တယ်။ အိမ်မှာကျန်ခဲ့တဲ့ ကလေး ၃ ယောက် ကြုံရတဲ့ ဒုက္ခတွေဘာတွေလဲ၊ Screenslaver ရဲ့ ဖမ်းဆီးတာကို ခံနေရတဲ့ Bob နဲ့ Helen တို့ကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းလေးမှာ ကြည့်ရှုပေးနိုင်ပါတယ်။IMDB Rating (10/8) အထိ ရရှိထားတဲ့ ကာတွန်းဇာတ်လမ်းကောင်း ဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ သန်း ၁၈၀ နဲ့ ဦးဆောင်နေတဲ့ “Incredibles 2”