အဆိုတော် Justin Bieber နဲ့ မော်ဒယ် Hailey Baldwin တိုရဲ့ အချစ်ရေး သတင်းနဲ့ ပတ်သက်ပြီး အခုချိန်မှာ သို့လော သို့လော သိချင်နေကြသူများ အများကြီးပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ Instagram အကောင့်မှာ သူတို့ရဲ့ တရားဝင် ဆက်ဆံရေး အကြောင်း တင်ခဲ့ကြပါတယ်။ အဆိုတော် Bieber ဟာ Instagram Stories မှာ Hailey နဲ့အတူရှိနေတဲ့ ဗီဒီယိုတခုကို တင်ခဲ့ပါတယ်။ ဗီဒီယို အတိုလေးလို့ ဆိုနိုင်ပေမယ့် ဒါဟာ ပရိသတ်တွေအတွက် ဆိုရှယ်မီဒီယာပေါ်ကနေ အတည်ပြု လိုက်တဲ့ နည်းတမျိုးလည်း ဖြစ်ပါတယ်။
ဒီဗီဒီယိုကို တင်လိုက်တာဟာ နယူးယောက်မြို့မှာ သူတို့နှစ်ဦးအတူတူ လျှောက်လည်ရင်း အနမ်းချွေနေကြတာကို မြင်တွေ့ရပြီး ရက်အနည်းငယ်အကြာမှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးက သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ပြောကြား ထားတဲ့အတွက် ပရိသတ်တွေဟာ အဲဒီဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အခါမှာ ဇဝေဇဝါ ဖြစ်ခဲ့ကြရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းက Selena Gomez ဟာ မွေးနေ့မက်ဆေ့ချ်တခုကို တင်ခဲ့ချိန်မှာ Bieber နဲ့ Selena တု့ိ ပြန်အဆင်ပြေ သွားပြီလား ဆိုတဲ့ သတင်းကလည်း အခုအချိန်အထိ မရှင်းလင်းသေးတာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း Bieber နဲ့ Selena တို့သာ အတူသွား အတူလာ ရှိနေခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ထားပါတယ်။ အဲဒီအချိန်မှာ မော်ဒယ် Hailey နဲ့ Bieber က အဆက်အသွယ် ရှိနေသေးတဲ့အတွက်ကြောင့် ချစ်သူနှစ်ဦး ဆက်ဆံရေး မပြေလည်စေခဲ့ဘူးလို့လည်း ဆိုကြပါတယ်။
ဒါပေမယ့် ဒီနှစ်မှာ ကျင်းပခဲ့တဲ့ Met Gala ပွဲမှာ အဆိုတော် Shawn Mendes နဲ့ Hailey တို့အတူတွဲပြီး ပွဲတက်လာခဲ့တဲ့ အခါမှာတော့ ပရိသတ်တွေက သူတို့နှစ်ဦးတွဲနေကြပြီလို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် Hailey ကတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
Hailey က “ကျမတို့ အပြင်အတူတူထွက်ကြတယ်။ သူဟာ အရမ်းချစ်ဖို့ကောင်းပြီး အရမ်း၊ အရမ်းကောင်းတဲ့ အမျိုးသား တဦးပါပဲ။ ဒါပေမယ့် ကျမက တကိုယ်တည်းသမားပါ” လို့ The Times UK မီဒီယာကို ပြောကြားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Selena နဲ့ အဆက်အသွယ်ပြတ်ပြီး Hailey Baldwin နဲ့ တပူးတွဲတွဲ ဖြစ်နေတဲ့ Justin Biber
Ref: asiaone