Entertainment

ကျန်းမာရေး ကောင်းလာလို့ ဇာတ်ကားတွေ ပြန်ရိုက်ကူးလာတဲ့ သရုပ်ဆောင် ကင်းကောင်

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးကြောင့် အနုပညာနဲ့ ဝေးကွာနေတဲ့ ဟာသ သရုပ်ဆောင် ကင်းကောင်က အခုချိန်မှာ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်တဲ့အတွက် ဇာတ်ကားများပြန်လည် ရိုက်ကူးနေပြီဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။

“အနုပညာ လှုပ်ရှားမှုတွေ ပြန်လုပ်နေပါပြီ။ ဇာတ်ကားကြီးတွေရော ဇာတ်လမ်းတွဲလေးတွေပါ ပြန်ရိုက်နေပါတယ်။ ဇာတ်လမ်းတွဲကတော့ “သာမိုမီတာ” ဆိုတဲ့ ဟာသကားလေး ရိုက်ပြီးပါပြီ။ ကျန်းမာရေး အခြေအနေကတော့ ကောင်းသွားပါပြီ။ အစာပြွန်ပိတ်သွားတာပါ။ အစာက အစာအိမ်ကို မရောက်ဘဲ လမ်းမှာတင် ပိတ်နေတဲ့ အစိုင်အခဲကို ထုတ်လိုက်တယ်။ အခုတော့ ကောင်းသွားပါပြီ။ ရန်ကုန်ကုတင် ၅၀၀ မှာ ဒေါက်တာ တင့်ဇော်ဦးနဲ့ ပြတာပါ။ အနုပညာကို အချိန် ၉ လ ၊ ၁၀လလောက်နားလိုက်ပါတယ်” လို့ ကင်းကောင်က ပြောပါတယ်။

အခုချိန်မှာ ရုပ်ရှင်လောကနဲ့ပတ်သက်လို့လည်း ပရိသတ်က ဗီဒီယိုဇာတ်ကားတွေ ကြည့်ရှုမှု နည်းပါးသွားတဲ့အတွက် အနုပညာရှင်တချို့ ဝင်ငွေတွေ နည်းပါးသွားကြတယ်လို့ ကင်းကောင်က ပြောပါတယ်။

“အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေ အထွက်နည်းလာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဝင်ငွေနည်းသွားတယ်။ ကျနော်မှ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက် အားလုံးလိုလိုပါပဲ။ အရင်တုန်းက ၅ ခုလောက် ရိုက်ရရင် အခု ၂ ခုလောက်ပဲ ရိုက်ရတာ ဆိုတော့ အခက်အခဲတော့ လူတိုင်းဖြစ်သွားတယ်။ ကျနော်တို့ အနုပညာရှင် တော်တော်များများ စက်အဖွဲ့တွေ လည်း ပါတယ်”

“ကျနော်တို့ မဖြစ်အောင် ကောင်းအောင်တော့လည်း ကြိုးစားပြီး လုပ်ကိုင်ပေးနေကြတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး။ ရုပ်ရှင်လောကက စက်ပစ္စည်းတွေ တိုးတက်ကောင်းမွန်နေတာပဲ။ တိုးတက်တဲ့ စက်ပစ္စည်း တွေနဲ့ လိုက်နိုင်ဖို့ပဲ လိုပါတယ်” လို့ ကင်းကောင်က ဆိုပါတယ်။

သရုပ်ဆောင် ကင်းကောင်ဟာ လူရွှင်တော်ကနေ သရုပ်ဆောင်ပိုင်းဘက်ကို ကူးပြောင်းလာခဲ့တာဖြစ်ပြီး သရုပ်ဆောင်မှု အပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူပါ။ လတ်တလောမှာတော့ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားကိုလည်း မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading