ဒီနေ့ ဇွန်လ ၂၆ ရက်နေ့ဟာ သရုပ်ဆောင် မင်းသမီး မိုးဟေကိုရဲ့ မွေးနေ့ဖြစ်ပါတယ်။ မိုးဟေကိုက လက်ရှိမြန်မာနိုင်ငံမှာ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ မင်းသမီးတွေထဲမှာ ပါဝင်သူ တယောက် ဖြစ်ပါတယ်။
မိုးဟေကိုက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မော်ဒယ် ခေတ်ဦးပိုင်းမှာ အသက်ငယ်ငယ်နဲ့ မော်ဒယ် သရုပ်ဆောင် လောကကို ဝင်ရောက်ခဲ့ပေမယ့် ပရိသတ်သိပ် မသိခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ခဲ့ပါတယ်။ ကြော်ငြာအနည်းငယ် ကာရာအိုကေ တေးသီချင်း များမှာ သရုပ်ဆောင်ပြီး အနုပညာလောကက ပျောက်ကွယ်သွားခဲ့ပါသေးတယ်။ ၂၀၀၆ ခုနှစ်လောက်မှာ အနုပညာလောကကို တကျော့ပြန် ဝင်ရောက်လာခဲ့ပြီး မိုးဟေကိုလို့ ပရိသတ်များ လက်ခံအားပေးခြင်းကို ရရှိလာခဲ့ ပါတယ်။
ဒုတိယအကျော့ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာတဲ့အခါမှာ မိုးဟေကိုရဲ့ ဖက်ရှင်ဒီဇိုင်း ၊ ညှို့အားကောင်းတဲ့ မျက်လုံးအမူအရာများကြောင့် ချက်ချင်းဆိုသလို ပရိသတ်ကြား အလျင်အမြန် အောင်မြင်ခဲ့သူတဦးပါ။ အဲဒီခေတ်က ဖက်ရှင် မဂ္ဂဇင်းတိုင်း စာမျက်နှာတိုင်းလိုလိုမှာ မိုးဟေကိုရဲ့ အလှပုံများ မပါသလောက်ကို အရိုက်များခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အဲဒီနောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးရိုက်ကူးတဲ့ “အိမ်မက်အလွန်” ၊ “အမျှင်” အစရှိတဲ့ ဇာတ်ကားများမှာ မိုးဟေကိုရဲ့ သရုပ်ဆောင်မှုကို စတင်တွေ့ရှိခဲ့ရပြီး ဒီဇာတ်ကားတွေနဲ့ပဲ သရုပ်ဆောင်မှုပိုင်းမှာ နေရာတနေရာ ရရှိလာခဲ့ပါတယ်။ အဲဒီနောက် ဗီဒီယိုခေတ်မှာ ဗီဒီယိုဇာတ်ကားအများအပြားကိုလည်း ရိုက်ကူးခဲ့ရပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးခဲ့တဲ့ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကြီး၊ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ “မိုးညအိမ်မက်မြူ” ဇာတ်ကားကြီးတွေမှာ အကယ်ဒမီ ရရှိနိုင်တဲ့အထိ ရေပန်းစားတဲ့အနုပညာရှင်တယောက်ဖြစ်ခဲ့ပါတယ်။
ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဖက်ရှင်ဆိုင်၊ ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ခဲ့ပြီး မိုးဟေကို ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ ခိုးဆိုးလုနှိုက်၊ တောကျီးကန်း အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားများက ငွေကြေးအရရော၊ အနုပညာအရရော အောင်မြင်မှုများ ရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုအပိုင်းမှာ သိပ်မတွေ့ရတော့ဘဲ ပွဲများ၊ အလှဓာတ်ပုံရိုက်ကူးရေးများမှာသာ မိုးဟေကို ကို ပရိသတ်များက တွေ့မြင်ရတဲ့အတွက် သရုပ်ဆောင်မှုအပိုင်းမှာ ပြန်လည်တွေ့မြင်လိုကြတဲ့ပရိသတ်တွေ အများအပြားရှိကြပါတယ်။ မိခင်ဖြစ်သူကျန်းမာရေးကြောင့် အနုပညာဘက်ကို လုပ်ကိုင်မှု အားနည်းနေတာဖြစ်တယ် လို့လည်း မိုးဟေကိုက မီဒီယာများကို ဖြေဆိုဖူးပါတယ်။
မိုးဟေကို အလှဓာတ်ပုံများကို ရိုက်ကူးရတာ ဝါသနာပါသူပီပီ မြန်မာပြည်အနှံံံ့ သူမရောက်ခဲ့ဖူးတဲ့နေရာများမှာ အလှ ဓာတ်ပုံများ ရိုက်ကူးခဲ့တဲ့ပုံများနဲ့ သူမရဲ့ ခံစားချက်များကိုပေါင်းပြီး “ကျွန်မချစ်သော” လို့ အမည်ပေးထားတဲ့ ဓာတ်ပုံ စာအုပ်ကို ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ စာအုပ်တန်ဖိုးက မြန်မာကျပ်ငွေ ၅ သောင်းနဲ့ ရောင်းချခဲ့တာမလို့ အဲဒီ အချိန်တုန်းက ဝေဖန်သံများ ရှိခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်အားလုံးရောင်းချကုန်ခဲ့တာကြောင့် မိုးဟေကို ကို ဒါနဲ့ ပတ်သက်လို့ ဝေဖန်ပြောသူများ ရှိနေသူများ အံ့သြခဲ့ကြရပါ သေးတယ်။
မိုးဟေကိုက မြန်မာဝတ်စုံဝတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အနောက်တိုင်းပွဲတက်ဝတ်စုံနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုဖက်ရှင်မျိုးမဆို Elegant ဖြစ်တယ်လို့ ပရိသတ်က လက်ခံထားခြင်းခံထားရတဲ့ ဖက်ရှင်ကျတဲ့သူ တဦးလည်း ဖြစ်ပါတယ်။ မိုးဟေကိုကလည်း ဖက်ရှင်နဲ့ပတ်သက်ရင် Branded များသာဝတ်ဆင်တတ်သူမို့ အထာကျတဲ့ မင်းသမီးတဦးအဖြစ် အမြဲလိုလို တွေ့မြင်နေရတာ ဖြစ်ပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး အနုပညာလောကကို ဝင်ခါစမှာ ကောလာဟလများနဲ့ အများဆုံးရင်ဆိုင်ခဲ့ရတဲ့ မင်းသမီးက အခုချိန်မှာတော့ အေးအေးဆေးဆေးဖြစ်နေပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ဘာအသံမှမကြားရတဲ့ သူတဦးပါ။
အနုပညာလှုပ်ရှားမှုများမှာ အတွေ့နည်းနေပေမယ့် လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်နေဆဲ ပရိသတ်အားပေးမှု အများအပြားကို ရရှိနေဆဲမင်းသမီးမိုးဟေကို ကတော့ အရင်က ဘယ်လိုပဲ ကောလာဟလများ ရှိခဲ့၊ ၊ဝေဖန်တိုက်ခိုက် သူများ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ သူမရဲ့ ဘဝခရီးလမ်းကိုတည်ငြိမ်စွာ လျှောက်လှမ်းနေသူတဦးပဲ ဖြစ်ပါတယ်။