Entertainment

“အခုချိန်မှာ ကျနော့်ကို ဆဲနေတဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး” ဆိုတဲ့ ဥက္ကာမင်းမောင်

Want create site? Find Free WordPress Themes and plugins.

Mister တဦးလည်းဖြစ်၊ ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်က အွန်လိုင်းပေါ်မှာ နိုင်ငံခြားသား အမျိုးသားတယောက်နဲ့အတူ တွဲရိုကု်ထားတဲ့ ပုံတချို့နဲ့ ပြန့်နှံ့လာခဲ့ပြီးနောက် ပရိသတ်များက သူရဲ့ အချစ်ရေးကို စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

ဇွန်လ ၂၆ ရက်နေ့ မနေ့ညပိုင်းက ဥက္ကာမင်းမောင်က သူ့ရဲ့ Facebook ပေါ်မှာ ပရိသတ်တွေထင်နေတဲ့အတိုင်း ဓာတ်ပုံထဲကသူမှာ ရည်းစားဆိုတာမှန်ကန်ကြောင်းနဲ့ သူရဲ့ အချစ်ရေးကို အမှန်အတိုင်းထုတ်ဖော်ပြောပြခဲ့ပါတယ်။

“အွန်လိုင်းမှာ ပြန့်နေတဲ့ပုံလေးတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ပရိသတ်တွေအားလုံးထင်နေတဲ့အတိုင်းပါပဲ။ ကျနော်ကို နာမည်ပျက်စေချင်တာလား။ အနုပညာလောကမှာ အရှက်ရစေချင်တာလား။ မြန်မာနိုင်ငံမှာအရှက် ရအောင်လုပ်တာလား။ ဘယ်လိုရည်ရွယ်ချက်ကြောင့်မှန်းမသိပေမယ့် ပုံတွေကတော့ ပြန့်သွားပီဆိုတော့ ဟုတ်ပါတယ်။ ကျနော်ရည်စားပါ ”လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဥက္ကာမင်းမောင်က အရင်ကလည်း အမျိုးသားတယောက်နဲ့ အိမ်ထောင်ကျခဲ့ဖူးပြီး မိန်းကလေးရည်းစားလည်း ထားခဲ့ဖူးတယ်လို့ ပြောဆိုပါတယ်။ ဥက္ကာမင်းမောင်က “မပျော်နိုင်တဲ့ဘဝမှာ ဘယ်သူကိုမှလည်း ဒုက္ခမပေးချင်ဘူး။ ပျော်သလိုပဲ ဘဝကို ဆက်သွားချင်တယ်” လို့ ပြောခဲ့ပါတယ်။

“ကျနော် အရင်က အိမ်ထောင်ကျဖူးတယ်။ ကျနော်အမျိုးသားဟာ ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလောက်က ရုတ်တရက် ဆုံးသွားခဲ့တာပါ။ ကျနော်တို့ Relationship က (၅)နှစ် အိမ်ထောင်သက်တမ်းက(၃)နှစ်ပါ။ ကျနော်တို့မှာ ခွေးလေး နှစ်ကောင်ရှိတယ်။ ကျနော်တို့ ဘဝအေးချမ်းတယ်။ သာမန်မိသားစုဘဝလေးလို နေတယ်။ တခြားသူတွေ ထင်သလို ဂေးနှစ်ယောက်က အိမ်ထောင်ပြုလိုက်ရင် မျိုးတုန်းသွားမယ်တို့ မျိုးစုံပြောကြတယ်။ တကယ်တော့ မဆိုင်ပါဘူး”

“ဒီလူတယောက်သည် အခြားသူတယောက်အပေါ်မှာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ချစ်လို့ရတယ်။ မိန်းကလေးတွေ ကိုချစ်လို့မရဘူး မဟုတ်ဘူးချစ်လို့ရတယ်။ မိန်းကလေးရည်းစားလည်း ထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကျနော် ဘယ်ဘက်ကို ရာခိုင်နှုန်းများလည်းဆိုတာ ကျနော်ကိုယ် ကျနော်သိတယ်။ ကိုယ်မပျော်နိုင်တဲ့ဘဝမှာ ဘယ်သူကိုမှလည်း ဒုက္ခမပေးချင်ဘူး။ ကျနော်ပျော်သလိုပဲ ကျနော့်ဘဝကို ဆက်သွားချင်တယ်”

“ကျနော်လက်ခံယုံကြည်ထားတဲ့ ဘဝလက်တွဲဖော်ဆိုတာ ယောကျာ်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းမချင်းပဲဖြစ်ဖြစ်၊ယောကျာ်းနဲ့ မိန်းမပဲ ဖြစ်ဖြစ် ကိုယ့်ပေါ်မှာနားလည်မှု အပြည့်အဝပေးနိုင်ပြီး ကိုယ့်ဘဝရဲ့အနိမ့်အကျအတက်ဘဝရဲ့ ကောင်းခြင်း ဆိုးခြင်း ပေါင်းများစွာကို တူတူရင်ဆိုင်ဖြတ်သန်းပေမယ့်သူကို ကျနော်ရဲ့လက်တွဲဖော်လို့ ကျနော်ခံယူတယ်။ ဒါသည်လူတယောက်ရဲ့ ဘဝလက်တွဲဖော်ပါ” လို့ သူတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောထားပါတယ်။

ဒီလိုကိုယ့်ကိုကိုယ် ဂေးတယောက်လို့ ဝန်ခံပြောဆိုမှုအပေါ် အနုပညာရှင်တချို့ကလည်း ထောက်ခံအားပေးခဲ့ကြပြီး ပရိသတ်များကလည်း ဥက္ကာမင်းမောင်ဘက်ကနေ ထောက်ခံမှုများ ရှိခဲ့ပါတယ်။ ဥက္ကာမင်းမောင်က သူကို ထောက်ခံအားပေးရင် We Stand With Okkar ဆိုတဲ့ စာသားများ Facebook ပေါ်မှာ တင်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

အနုပညာလပ်ငန်းတွေကို လုပ်ခွင့်ရသလောက်လုပ်ကိုင်ခဲ့တဲ့ ဥက္ကာမင်းမောင်က ဒီလိုဖြစ်ပေါ်ခဲ့တဲ့အကြောင်းတွေကြောင့် ဇာတ်ကားဆက်လက်ရိုက်ကူးခွင့် ရ မရ ကတော့ ကံတရားလို့သာပြောခဲ့ပါတယ်။

” မြန်မာနိုင်ငံရဲ့ ထုံးစံအရ ဒါမျိုး လက်မခံဘူးဆိုတာ သိတယ်။ အခုချိန်ကျမှလည်း အတင်းကြီး ဇွတ်မလိမ်ချင်ဘူး။ ကျနော်အခု အရမ်းပျော်တယ်။ ကျနော့်ရဲ့ ပါတနာက ကျနော်ကို အရမ်းချစ်တယ်။ ကျနော်ကို ကျနော် မှားတယ်လို့မထင်ပါဘူး။ နောင်တလည်းမရဘူး။ နောက်ထပ်လည်း ကံကောင်းရင်ဇာတ်ကားတွေ ရိုက်ခွင့်ရရင် ရိုက်ရမှာပေါ့”

“ကျနော့်ကို အားပေးနေတဲ့ ပရိသတ်တွေ ရှိနေတာနဲ့တင် ကျနော် ကျေနပ်ပါတယ်။ ဆဲနေတဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး။ ကိုယ့်သမိုင်းကိုယ်ရေးကြတဲ့ သူတိုင်းမှာ ကျနော်ဘဝကို ကျနော် အလှပဆုံး ရေးခဲ့ပြီးပြီ” လို့ ပြောထားပါတယ်။

ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ “18” လို့ အမည်ပေးထားတဲ့ တကိုယ်တော်တေး Album ကိုလည်း ထွက်ရှိထားပြီး သူရိုက်ကူးခဲ့တဲ့ အမျိုးသားချင်း ချစ်ကြိုက်ရတဲ့ “မေထုန်ရာသီဖွား”ဇာတ်ကားနဲ့လည်း ပရိသတ်အားပေးမှု ရရှိထားသူတဦးဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading