နာမည်ကျော်ဟောလိဝုဒ်မင်းသား Leonardo DiCaprio ဟာ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးနေတဲ့ “Once Upon a Time in Hollywood” ရုပ်ရှင်ရိုက်ကွင်းပေါ်မှ ဓာတ်ပုံတခုကို ပရိသတ်များ ကြည့်ရှုနိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်တုန်းက Instagram မှာတင်ခဲ့တဲ့ အဲဒီဓာတ်ပုံထဲမှာဆိုရင် မင်းသား Leonardo နဲ့အတူ မင်းသား Brad Pitt ကိုပါ လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်စတိုင်အဝတ်အစားတွေနဲ့ မြင်တွေ့ရပါတယ်။
ဒါရိုက်တာ Tarantino နဲ့မင်းသား Leonardo တို့ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက လတ်စ်ဗေးဂတ်စ်မြို့မှာ ပြုလုပ်ခဲ့တဲ့ CinemaCon ပွဲမှာ အဲဒီရုပ်ရှင်အကြောင်းကို ပြောကြားခဲ့လို့ ပရိသတ်တွေက အံ့သြသင့်ခဲ့ကြရပါတယ်။ သူတို့နှစ်ဦးဟာ Caesars Palace ဟိုတယ်မှာရှိတဲ့ The Colosseum ခန်းမထဲမှာ အများစိတ်ဝင်စားနေတဲ့ ရုပ်ရှင် အကြောင်း ရုပ်ရှင်ချစ်သူ တွေကို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Tarantino က တချိန်တုန်းက ဟောလိဝုဒ်ရုပ်ရှင်လောကကို တုန်လှုပ်စေခဲ့တဲ့ Manson လူသတ်မှုတွေ အကြောင်း ဇာတ်အိမ်တည်ထားတဲ့ အဲဒီရုပ်ရှင်ဟာ သူရိုက်ကူးခဲ့ဖူးတဲ့ “Pulp Fiction” ရုပ်ရှင်နဲ့ နီးစပ်တူညီတယ်လို့ ဆိုပါတယ်။
သူက “Sony နဲ့ ကျနော်တို့ဟာ မင်းသားတွေဖြစ်တဲ့ Paul Newman နဲ့ Robert Redford တို့လိုပဲ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး သရုပ်ဆောင်အတွဲနဲ့ ရုပ်ရှင်ရုံတွေဆီပြန်လာမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဆက်ပြီး ဒါရိုက်တာကြီးက “အရမ်းအရေးကြီးတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ‘Once Upon a Time in Hollywood’ ရုပ်ရှင်ဟာ ၁၉၆၉ ခုနှစ်တုန်းက ဟောလိဝုဒ်ရဲ့ ဂုဏ်သိက္ခာ၊ တန်ပြန်ယဉ်ကျေးမှုနဲ့ Hippy တော်လှန်ရေးတို့ရဲ့ ရေချိန်ကို ပြသနိုင်မယ်လို့တော့ ကျနော်ပြောနိုင်ပါတယ်။ လမ်းတိုင်းမှာ ဘလောက်တိုင်းမှာ ကျနော်တို့ဟာ လောစ့်အင်ဂျလိစ်မြို့ကို ၁၉၆၉ ခုနှစ်ရဲ့ ဟောလိဝုဒ်အဖြစ်အသွင်ပြောင်းမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တဲ့အကြောင်း The Hollywood Reporter မီဒီယာမှာ ဖော်ပြထားပါတယ်။
မင်းသား Leonardo က “ကျနော်တို့မလုပ်ရသေးတဲ့ ရုပ်ရှင်တခုနဲ့ ပတ်သက်လို့ ပြောဖို့ရာခက်ပါသေးတယ်။ ဒါပေမယ့် Brad Pitt နဲ့အတူတူတွဲလုပ်ရမှာ ကျနော် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ သူက ကျနော်တို့ကို အရောက်ပို့ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်”
“ကျနော်က ဟောလိဝုဒ်အကြောင်းရိုက်ထားတဲ့ “Singin in the Rain” ရုပ်ရှင် အမာခံပရိသတ်တယောက်ပါ။ L.A. မှာ မွေးဖွားခဲ့သူတယောက်အနေနဲ့ ဇာတ်ညွှန်းကို ဖတ်ပြီးတဲ့အခါ ဒါဟာ အံ့သြသလောက်တဲ့ ပြဇာတ်တခုဆိုတာ သိလိုက် ရပါတယ်။ ကျနော်တို့ ဟာ ထူးခြားပြောင်မြောက်စေဖို့ အကောင်းဆုံးလုပ်ဆောင်သွားကြမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
မင်းသား Leonardo နဲ့ ဒါရိုက်တာ Tarantino တို့ဟာ ၂၀၁၂ ခုနှစ်တုန်းက “Django Unchained” ဆိုတဲ့ ရုပ်ရှင်ကို အတူလက်တွဲပြီး ရိုက်ကူးခဲ့ကြပါသေးတယ်။ မင်းသား Brad Pitt ကလည်း ၂၀၀၉ ခုနှစ်တုန်းက “Inglourious Basterds” ရုပ်ရှင်မှာ ဒါရိုက်တာကြီးနဲ့အတူ အလုပ်အတူတွဲလုပ်ဖူးပါတယ်။
“Once Upon a Time in Hollywood” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။
Ref: etcanada