Entertainment

ချစ်သူ မင်းသား Brandon Flynn နဲ့ လမ်းခွဲပြီး အသည်းကွဲနေတဲ့ အဆိုတော် Sam Smith

ဗြိတိသျှအဆိုတော် Sam Smith ဟာ ၉ လကြာ ချစ်သူအဖြစ်ရှိခဲ့ကြပြီးတဲ့နောက် အမေရိကန်မင်းသား Brandon Flynn နဲ့ လမ်းခွဲလိုက်ရတဲ့အတွက် ထိခိုက်ခံစားနေရတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ လမ်းခွဲလိုက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုတော် Sam ကရော၊ မင်းသား Brandon ဘက်ကပါ သူတို့နှစ်ဦးလမ်းခွဲလိုက်တဲ့ သတင်းကို အတည် မပြုပေမယ့် “Stay with Me” သီချင်းအဆိုတော် Sam ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ညပိုင်းမှာ သူ့ရဲ့ Instagram မှာရှိတဲ့ ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံတချို့ကို ဖျက်ပစ်လိုက်ပြီး လမ်းခွဲလိုက်တဲ့သတင်းကို အရိပ်အမြွက် အတည်ပြုလိုက်ပါ တယ်။

သူတို့နှစ်ဦးလမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့တော့ သတင်းရင်းမြစ်တခုက “Sam နဲ့ Brandon တို့ဟာ တကယ့်လေပွေလိုအချစ်သာ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တဦးကိုတဦးတကယ်ချစ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ သူတို့အလုပ်နဲ့ သူတို့အလုပ်အရမ်းများနေပြီး တချို့အရာတွေ မလုပ်ဖြစ်ခဲ့တာ တွေလည်းရှိခဲ့ပါတယ်”

“ Sam ဟာ တော်တော်လေးကို ကြေကွဲခံစားနေရပါတယ်။ သူတွဲခဲ့ဖူးသမျှထဲမှာ အထင်ရှားဆုံး အချစ်ရေးလည်း ဖြစ်ပါတယ်။ ကံကောင်းချင်တော့ သူက အခုအချိန် အမေရိကတခွင် နယ်လှည့်ပွဲ ပြုလုပ်နေပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

အဆိုတော် Sam ဟာ သူရဲ့ဒုတိယမြောက်တေးအယ်လ်ဘမ် “The Thrill of It All” ထွက်ရှိမှုအကူအညီနဲ့ အတူ “The Thrill of It All” အမည်ရှိတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို မတ်လ ၂၀ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်မှာတော့ ကနေဒါနိုင်ငံမှာ ဖျော်ဖြေပွဲပြုလုပ်ပြီး မြောက်အမေရိကခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံတဝန်းက မြို့တော်တော်များများလည်း ဖျော်ဖြေသွားဖို့ရှိပါတယ်။ အဲဒီ နယ်လှည့်ပွဲ ကို အာရှနိုင်ငံတွေ၊ နယူးဇီလန်နဲ့ သြစတေးလျနိုင်ငံတို့အထိ ပြုလုပ်မှာဖြစ်ပြီး ဒီနှစ်နိုဝင်ဘာလအထိ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

Netflix ရဲ့ အောင်မြင်တဲ့ဒရမ်မာဇာတ်လမ်းတွဲတခုဖြစ်တဲ့ “13 Reasons Why” မင်းသား Brandon နဲ့ အဆိုတော် Sam တို့ဟာ “The Thrill of It All” အယ်လ်ဘမ်ကို မဖြန့်ချိမီ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်တွဲခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ မင်းသား Brandon ဟာ သူ့မိဘတွေနဲ့ အဆိုတော် Sam ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လ မှာတော့ သူတို့တွေဟာ Sam ရဲ့ မအားအပ်တဲ့အချိန်ကြားထဲမှာ အချိန်အတူ ကုန်ဆုံးခဲ့ကြပြီး Alton Towers မှာ ဒိတ်လုပ်ဖို့နဲ့ ပြဇာတ်ရုံမှာ “Harry Potter and the Cursed Child” ပြဇာတ် ကြည့်ရှုဖို့အရေး UK ကိုလာဖို့ Brandon ကို ဖိတ်ကြားခဲ့ပါတယ်။ အဆိုတော် Sam ဟာ ၂၀၁၅ ခုနှစ်မှာ မင်းသား Jonathan Zeizel နဲ့လည်း ခေတ္တတွဲခဲ့သူလည်း ဖြစ်ပါတယ်။

Ref: aceshowbiz

Loading