ပရိသတ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေကို ဖန်တီးလေ့ရှိတဲ့ တေးသံရှင် အိမ့်ချစ်ကတော့ မကြာခင်မှာ သူမကိုယ်တိုင်ရေးသားထားတဲ့ အင်္ဂလိပ်သီချင်းများပါဝင်တဲ့ “Slay” လို့ အမည်ပေးထားတဲ့ Mini Album ကို ထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“သီချင်းအသစ်တွေက အိမ့်ချစ်ရဲ့ Mini Album ထဲမှာပါမယ့် သီချင်းအသစ်တွေပါ။ အဲဒီအခွေလေးကို သြဂုတ် ၊ စက်တင်ဘာလလောက်မှာ ထွက်ဖို့ ပြင်ဆင်နေပါတယ်။ Slay လို့ပေးထားပါတယ်။ သီချင်း ၆ပုဒ်ပါပြီးတော့ အကုန်လုံးက အင်္ဂလိပ်သီချင်းတွေဖြစ်ပါတယ်။ ၄ပုဒ်ကို အိမ့်ချစ်ရေးပါတယ်။ ကျန်တဲ့ ၂ပုဒ်က တေးရေးဆရာ အသစ်လေးတွေရေးပါတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။
“Slay” လို့အမည်ပေးထားတဲ့ အင်္ဂလိပ်သီချင်းများသာ ပါဝင်သော အခွေလေးကိုတော့ လုပ်ချင်တာရော ၊ လုပ်သင့် တာရောကြောင့် အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး သီချင်းအကုန်လုံးမပြီးသေးတဲ့အတွက် Zalo Music မှတဆင့် သီချင်း ၃ပုဒ်ကို အရင်ဆုံးတင်ပေးသွားမှာ ဖြစ်တယ်လို့ အမ့်ချစ်က ပြောပါတယ်။
အင်္ဂလိပ်သီချင်းဖြစ်တဲ့အတွက် ရေးသားသီဆိုရာမှာ အခက်အခဲရှိခဲ့တဲ့အကြောင်းကိုလည်း အိမ့်ချစ်က အခုလို ဆိုပါတယ်။
“အများကြီး ကွာခြားပါတယ်။ အချိန်ပိုယူရတယ်။ ကိုယ့်ရဲ့ဘာသာစကား မဟုတ်တဲ့အခါကျတော့ ကိုယ်က အဆင့်ဆင့်သွားရပါတယ်။ နဂိုကတည်းက အင်္ဂလိပ်ကျောင်းတက်ပြီး ကြီးပြင်းလာရတဲ့သူတယောက်လည်း မဟုတ်ဘူး။ မြန်မာကျောင်းတက်ပြီး မြန်မာစကားဘဲ ပြောပြီး ကြီးပြင်လာရတဲ့ ပတ်ဝန်းကျင်တခုမှာ နေခဲ့တဲ့အတွက် အင်္ဂလိပ်သီချင်းရေးဖို့အတွက် အရင်ဆုံး မြန်မာလို အရင်ချရေးရတယ်”
“သီချင်းတပုဒ်ကို ဒီသီချင်းကို ဘယ်လိုခေါင်းစဉ်ပေးချင်တာလဲ။ အဲဒီတော့ မြန်မာလိုရေးပြီးမှ အင်္ဂလိပ်လို ပြန်ရေးရပါတယ်။ သီချင်းအမျိုးအစားအလိုက် ကာရံကိုက်ဖို့အတွက် သီချင်းတပုဒ်ကို တလလောက်ကြာခဲ့ပါတယ်” လို့ ပြောပါတယ်။
အိမ့်ချစ်ရဲ့ Mini Album ထဲက သီချင်း ၃ပုဒ်ကိုတော့ ဇူလိုင် ၁ရက်နေ့မှာ Zalo Music မှာအရင်ဆုံး နားဆင်နိုင်မှာ ဖြစ်ပြီး အဲဒီနေ့မှာပင် ကျင်းပမယ့် “Pop Night with Eint Chit” ဆိုတဲ့ သူမရဲ့တကိုယ်တော်ဖျော်ဖြေပွဲလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“Pop Night with Eint Chit” တကိုယ်တော်ဖျော်ဖြေပွဲကိုတော့ ဇူလိုင်လ ၁ရက်နေ့တွင် ရန်ကုန်မြို့မြန်မာပလာဇာရှိ Hard Rock Café မှာ ည ၇နာရီမှစတင်ကာ ပြုလုပ်ကျင်းပသွားမှာပါတယ်။