Entertainment

ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်မှာ သားဖြစ်သူနဲ့အတူ ပါဝင်မယ့် မင်းသားကြီး Tom Hanks

ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကြီး Tom Hanks နဲ့ သားဖြစ်သူ Chet တို့ဟာ ဒုတိယကမ္ဘာစစ် နောက်ခံ ရုပ်ရှင်အသစ် တခုကို အတူတူပါဝင်ရိုက်ကူးနေကြပြီဖြစ်ပါတယ်။

အော်စကာဆုရမင်းသားကြီး Hanks နဲ့ သားဖြစ်သူ Rap အဆိုတော် Chet တု့ိဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ဂျာမန်ရေငုပ်သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရေတပ်အကြောင်း ရိုက်ကူးမယ့် “Greyhound” ဆိုတဲ့ရုပ်ရှင်မှာ ပထမဆုံးအကြိမ် အနေနဲ့ အတူတူပါဝင်လာကြတာလည်း ဖြစ်ပါတယ်။ ပြီးတော့ မင်းသားကြီးရဲ့ ဒုတိယသား Chet ဟာ အော်စကာ ဆုရှင်ဖခင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခွင့်ရတာကို ပျော်ရွှင်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် အဆိုတော် Chet က “တော်တော်လေးမိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အဖေနဲ့ အရင်က ရိုက်ကွင်းမှာ အရိုက်မခံဖူးပါဘူး။ ပြောရမယ်ဆိုရင် ကျနော့်တဘဝလုံးက ရှုတင်ဆက်တင်တွေကြားနဲ့ အဲဒီ ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့တာဖြစ်ပေမယ့် အဖေနဲ့ အတူတူ သရုပ်ဆောင်တာ မရှိခဲ့ပါဘူး။ တော်တော်လေးကို ပျော်ဖို့ ကောင်းတဲ့အတွက် ထူးခြားတဲ့အတွေ့အကြုံတခုပါ။” လို့ Entertainment Tonight မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အသက် ၂၂ အရွယ် Truman ရဲ့အစ်ကို၊ အသက် ၄၀ အရွယ် မင်းသား Colin Hanks နဲ့ အသက် ၃၆ နှစ်အရွယ် Elizabeth တို့ရဲ့ ဖအေတူမအေကွဲ မောင်နှမဖြစ်တဲ့ Chet ဟာ မိသားစုဆက်ဆံရေးပုံစံကြောင့် ဟောလိဝုဒ် မင်းသားကြီး ရဲ့အရှေ့မှာ သရုပ်ဆောင်ရတာ စိုးရိမ်မှုရှိနေဆဲဖြစ်တဲ့အကြောင်း ဝန်ခံပြောဆိုထားပါတယ်။

သူက “ကျနော်ပထမတုန်းကတော့ တော်တော်လေး စိတ်လှုပ်ရှားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အဖေ နဲ့ အတူ ဇာတ်ဝင်ခန်းထဲမှာ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာ ကျနော်မသိခဲ့လို့ပါ။ ပြီးတော့ ဒါဟာ ဗုံးပေါက်ကွဲမှုလိုပဲ လုံးဝကို အံ့သြလောက်စရာကြီးပါ။ တကယ့်ကိုပဲ ပျော်စရာကြီးပါ” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဒါရိုက်တာ Aaron Schneider ကရိုက်ကူးနေတဲ့ “Greyhound” ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ အသက် ၆၁ နှစ်အရွယ်မင်းသားကြီး Hanks ဟာ လာမယ့်နှစ်နှောင်းပိုင်းမှာ ရုံတင်မယ့် “Toy Story 4” ရုပ်ရှင်မှာ Sheriff Woody အဖြစ် အသံသရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။

သူဟာ ကွယ်လွန်သူ ဖျော်ဖြေရေးသမားတဦးနဲ့ ဂျာနယ်လစ် Tom Junod တို့ကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ “You Are My Friend” ဘဝအတ္ထုပ္ပတ္တိသရုပ်ဖော် ရုပ်ရှင်မှာ အမေရိကန်ရုပ်သံအစီအစဉ်မှူး Mister Rogers အဖြစ် သရုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။

Ref: aceshowbiz

Loading