ဂီတမှူးတယောက်လည်း ဖြစ်သလို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရဲ့ ပါမောက္ခတဦးလည်းဖြစ်တဲ့ အကယ်ဒမီဓိရာမိုရ်ကတော့ မြန်မာနိုင်ငံမှာ ဂီတပညာရေးဆိုပြီး နည်းပါးခဲ့ပါတယ်လို့ ဆိုပါတယ်။
“ကျနော်တို့နိုင်ငံက ဂီတပညာရေးဆိုပြီး နည်းပါးခဲ့ပါတယ်။ မိသားစုထဲမှာလည်း ကိုယ့်သားသမီးကို ဂီတပညာရေးနဲ့ ပတ်သက်ပြီး အားမပေးချင်ကြသလို ကျောင်းတွေမှာလည်း တခြားတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင်မရှိသလောက် ပါ။ အခုမှသာ ကလေးတွေကို ဂီတပညာသင်ယူ ကြိုးစားနေကြတာပါ။ ဂီတပညာရေးကို ကျနော်တို့က အစွမ်းကုန် ကြိုးစားရင်တောင် နောက်ထပ်နှစ်ပေါင်းများစွာ ကြိုးစားရမှာပါ” လို့ အကယ်ဒမီ ဓိရာမိုရ်က ပြောပါတယ်။
ဂီတမှူး ဓိရာမိုရ်ကတော့ ဂီတအမျိုးအစားအစုံအလင်ကို သူ့ရဲ့ Orchestra တီးဝိုင်းနဲ့ ပေါင်းစပ်ကာ ဖန်တီးလျက်ရှိပြီး မျိုးဆက်သစ်များကိုလည်း ဂီတပညာများကို ဝေမျှပေးလျက်ရှိပါတယ်။
“ဂီတပညာရေးကို ကျနော်တို့က အစွမ်းကုန်ကြိုးစားရင်တောင် နောက်ထပ်နှစ်ပေါင်းများစွာ ကြိုးစားရမှာပါ။ အခု လက်ရှိကျောင်းမှာ လာတက်တဲ့ကလေးတွေဆို အရမ်းထူးချွန်ပါတယ်။ Generation လည်းပြောင်းလာပါတယ်။ အရမ်း လည်းကြိုးစားပါတယ်။ ဒီကလေးတွေရဲ့ အနာဂတ်သည် ကျနော်တို့ ဂီတပညာရေးရဲ့ အနာဂတ်လို့ အလေးအနက် ခံယူပြီးတော့ ကြိုးစားနေပါတယ်။ ကလေးတွေကိုအားပေးခြင်းအားဖြင့် ဂီတပညာရေးကို အားပေးရာကျပါတယ်” လို့ ဓိရာမိုရ်က ပြောပါတယ်။
ဓိရာမိုရ်က ခမ်းနားတဲ့ ဂီတဖျော်ဖြေပွဲများကို အမြဲဖန်တီးဖို့ ကြိုးစားနေလျက်ရှိပြီး သမိုင်းဝင်ဂီတပွဲတွေ ဖြစ်ဖို့အတွက် လည်း နှစ်စဉ်ကြိုးပမ်းနေလျက်ရှိတယ်လို့ သိရပါတယ်။
မကြာခင်မှာ အကယ်ဓိရာမိုရ်ဦးဆောင်ကျင်းပမယ့် NUAC ရဲ့ Orchestra Music Showcase ကိုလည်း နှစ်စဉ် ကျင်းပ နေကြပုံစံများနှင့် မတူဆန်းပြားအောင် တင်ဆက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
“NUAC Orchestra ကကျန်တဲ့ဖျော်ဖြေမှုနဲ့ ဘာကွာတာလဲဆိုရင် နံပါတ် ၁ အလွယ်တကူပြောမယ်ဆိုရင် Education ဆိုတဲ့ဂီတပညာရေးကို Blackground လုပ်ထားတာလေးကွာပါတယ်။ ရိုးရိုးတန်းတန်းဖျော်ဖြေတာ မဟုတ်ဘဲနဲ့ ဗဟုသုတတွေ အကြောင်းအချက်တွေအများကြီး ရနိုင်ဖို့အတွက် အများကြီး ကြိုးစားပါတယ်။ တနှစ်နဲ့ တနှစ် ပုံစံမတူပါဘူး” ဓိရာမိုရ်က ဆိုပါတယ်။
ဂီတမှူးဓိရာမိုရ်ကတော့ အသက် ၁၃နှစ်အရွယ်ကတည်း ဂီတလောကကို ဝင်ရောက်ခဲ့ပြီး အခက်အခဲများကိုလည်း ကြုံတွေ့လာခဲ့ရာမှ တစိုက်မတ်မတ်ကြိုးစားလာခဲ့မှုကြောင့် ယခုအခါမှာတော့ ဂီတနှင့်ပတ်သက်တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုများလည်း ရရှိခဲ့သူတဦးပါ။ လက်ရှိမှာလည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ပါမောက္ခတယောက်အနေနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ဆက်စပ်သတင်း
မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase