Entertainment

ရုံဝင်ငွေစာရင်းထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာတဲ့ ‘Jurassic World: Fallen Kingdom’ ရုပ်ရှင်

လက်ရှိမှာ ရုံတင်ပြသနေဆဲဖြစ်တဲ့ ‘Jurassic World: Fallen Kingdom’ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ စတင် ရုံတင်လာတဲ့ “Sicario: Day of the Soldado” နဲ့ “Uncle Drew” စတဲ့ရုပ်ရှင်တွေကို ကျော်တက်ပြီး ဒုတိယမြောက် သီတင်းပတ်အထိ ရုံဝင်ငွေအများဆုံးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မင်းသား Chris Pratt နဲ့ မင်းသမီး Bryce Dallas Howard တို့ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ဈေးကွက်ပေါင်း ၆၈ ခုမှ ရုံဝင်ငွေ ဒေါ်လာ ၅၆ ဒဿမ ၁သန်းထပ်မံရရှိခဲ့ပြီး နိုင်ငံရပ်ခြားကနေ ဒေါ်လာ ၆၆၇ ဒဿမ ၆ သန်းရရှိခဲ့တယ်လို့ Billboard မီဒီယာက ဆိုပါတယ်။

ဒီဇာတ်ကားက အခုအချိန်အထိ ဆိုရင်တော့ တကမ္ဘာလုံးကနေ ဝင်ငွေဒေါ်လာ ၉၃၂ သန်းရရှိထားပြီးဖြစ်ပါတယ်။ အခုသီတင်းပတ် အတွင်းမှာတော့ ရုံဝင်ငွေ ၁ ဘီလီယံကျော်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းမှာ ဒေါ်လာ သန်း ၁၅၀ နဲ့ မြောက်အမေရိကဒေသမှာ ဦးထွက်ခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေ စာရင်းထိပ်ဆုံးပိုင်းမှာရှိနေခဲ့ပေမယ့် ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Jurassic World” ရုပ်ရှင်ရဲ့ စံချိန် ဒေါ်လာ ၂၀၈ ဒဿမ ၈ သန်းကိုတော့ မီနိုင်ခဲ့ခြင်းမရှိပါဘူး။

“Fallen Kingdom” ရုပ်ရှင်ဟာ “Jurassic World” ရုပ်ရှင်ပြီးတဲ့နောက် Universal Studios ရဲ့ ဒုတိယ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ “Sicario: Day of the Soldado” ရုပ်ရှက်ကတော့ ရုပ်ရှင်ရုံပေါင်း ၃ ထောင်ကျော်ကနေ ဒေါ်လာ ၁၉ သန်းရရှိခဲ့ပြီး “Uncle Drew” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၅ ဒဿမ ၅ သန်းရရှိခဲ့ပါတယ်။

“The Incredibles 2” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ ၄၄ ဒဿမ ၆ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပြီး နိုင်ငံတကာ က နေရရှိခဲ့တဲ့ ရုံဝင်ငွေ ဒေါ်လာ ၁၅၆ ဒဿမ ၉ သန်းကို ထပ်ပေါင်းမယ်ဆိုရင် အခုအချိန်အထိ ရုံဝင်ငွေ ဒေါ်လာ ၄၃၈ ဒဿမ ၈ သန်းရရှိထားပြီး ဖြစ်ပါတယ်။

“Ocean’s 8” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ ၈ သန်းထပ်မံရရှိခဲ့ပါတယ်။

Ref: etcanada

Loading