Entertainment

“ဒါရိုက်တာလုပ်ဖြစ်တာက အနုပညာတခုကို လှလှပပဖန်တီးချင်ရုံပါပဲ” ဆိုတဲ့ ရွှေမှုံရတီ

အသက်ငယ်ငယ်နဲ့ မြန်မာပြည်ရဲ့ထိပ်တန်း မင်းသမီးတလက်အဖြစ် ရပ်တည်နေတဲ့ သရုပ်ဆောင် ရွှေမှုံရတီက လက်ရှိမှာ လက်ဝတ်ရတနာဆိုင် ကြော်ငြာတခုကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါတယ်။ ဒီကြော်ငြာကလည်း အွန်လိုင်း ပရိသတ်ကြားမှာ အားပေးနှစ်ခြိုက်ခြင်း အများအပြားရရှိထားပါတယ်။

“ညီမကို Shining Star Gems & Jewellery က လာငှားတော့ မင်းသမီး အနေနဲ့ပဲ ထင်တာ။ ညီမ ဗီဒီယိုလေးတွေ ရိုက်ရိုက်တင်တာကို သဘောကျတယ်။ ဒါရိုက်တာ အာကာတို့နဲ့ပဲ တိုင်ပင်ပြီးတော့ မောင်နှမ နှစ်ယောက် လုပ်ကြတာပါ။ ညီမကတော့ Story လေး စဉ်းစားတာပေါ့။ ညီမတို့နှစ်ယောက် ကြိုးစားကြတာလေးကို ပရိသတ်တွေ အားပေးထားတာတွေ့ရတော့ ဝမ်းသာတယ်” လို့ ရွှေမှုံရတီက ပြောပါတယ်။

“အဖွင့်လေးမှာတင် အကြည့်လေးနဲ့ စလိုက်တာ ပရိသတ်တွေ အကြိုက်တွေ့တယ်။ ညီမ ကိုယ့်ဟာကိုယ် ရိုက်ဖို့တွေ ရှိတယ်။ ဒီကြော်ငြာလေးက လက်ဝတ်ရတနာဆိုင်လေးလည်း ဖြစ်တော့ ရိုက်ပေးလို့ရမယ် ထင်လို့ ရိုက်လိုက်တယ်။ ဆိုင်ပိုင်ရှင်တွေကလည်း သဘောကောင်းပါတယ်။ ရိုက်ချင်တဲ့ ပုံစံကို လွတ်လွတ်လပ်လပ် ရိုက်ခွင့်ပေးထားတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပြလို့ ရတာပါ”လို့ ဆိုပါတယ်။

ရွှေမှုံရတီက သူမရဲ့ Facebook မှာလည်း အမြဲလိုလို Music Video တွေရိုက်ကူးပြီး တင်လေ့ ရှိပါတယ်။ ဒီလိုရိုက်ကူးမှုတွေမှာလည်း အမြဲတမ်းလိုလို ပရိသတ်ကြိုက်နှစ်သက်ခြင်းခံရပါတယ်။ Sexy ကျကျ အလှပုံတွေနဲ့ရိုက်ကူးလေ့ရှိတဲ့ ရွှေမှုံရတီက ဒီကြော်ငြာမှာလည်း အဖွင့်မှာ နောက်ကျောအလှကို ပြသထားပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ရွှေမှုံရတီက အခုလိုဆိုပါတယ်

“ရွှေမှုံရတီဆိုတာ ဂေါ်တယ်ဆိုတာလေး ဖြစ်အောင်အဖွင့်မှာ ကျောလေးနဲ့ အဖွင့်လေးကို သပ်သပ်လေး စဉ်းစားထားတာပါ။ နည်းနည်းတော့ ဂယက် ထစရာလေး ဖြစ်တာပေါ့။ နောက်ပိုင်းမှာ ဒါရိုက်တာ လုပ်ဖို့ မရှိပါဘူး။ ဒီကြော်ငြာလည်း ညီမကို အင်မတန် တောင်းဆိုလို့ ရိုက်ဖြစ်တာပါ။ ဒါရိုက်တာဆိုတဲ့ နာမည်ကြီး မခံပါနဲ့။ ကိုယ့်ဟာကိုယ် အနုပညာကို ဖန်တီးတာပေါ့။ အနုပညာတခုကို လှလှပပ ဖန်တီးချင်ရုံပါပဲ။ ပညာရှင် မဟုတ်ပါဘူး။ ဝါသနာရှင်ပါပဲ” လို့ ရွှေမှုံရတီက ပြောပါတယ်။

လက်ရှိမှာတော့ ရွှေမှုံရတီ က ဇာတ်ကားများစွာကိုရိုက်ကူးနေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ငဒူ” ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“နှလုံးသားကကြီးရင် နှလုံးသားကအရာရာကို အနိုင်ယူတယ်” လို့ ဆိုတဲ့ ရွှေမှုံရတီ

Loading