မြန်မာနိုင်ငံမှာ ထယ်စောက်လို့ လူသိများတဲ့ နာမည်ကျော် ကိုရီးယား မင်းသား Won Bin ဟာ သရုပ်ဆောင် ပရိုမိုးရှင်းလုပ်ငန်းတွေကို ဆက်မလုပ်ဖြစ်တော့ တာကြောင့် ဝေဖန်ခံနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက် နေ့မှာ မင်းသား Won Bin ဟာ ရှားရှားပါးပါး ပွဲအခမ်းအနားတခုကို တက်ရောက်ခဲ့ပါတယ်။
“Cherish” ကုန်ပစ္စည်းမော်ဒယ် တယောက်အနေနဲ့ မင်းသား Won ဟာ အဲဒီ ကိုရီးယား ပရိဘောဂပစ္စည်း ကုမ္ပဏီကနေ စီစဉ်တဲ့ ပရိသတ်တွေ့ဆုံးလက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ မင်းသမီး Lee Na Young နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ သားတဦးရရှိခဲ့ပြီးခဲ့ချိန်ကတည်းက ပရိသတ်ရှေ့မှောက် ပထမဆုံး ပြန်လည် ရောက်ရှိတာဖြစ်တဲ့အတွက် စိတ်ဝင်စားမှု တော်တော်လေးခံခဲ့ရပါတယ်။
အဲဒီသီးသန့် အခမ်းအနားမှာတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။ သတင်းထောက်တွေကတော့ မင်းသား Won က သူ့ရဲ့ မော်တော်ယာဉ်ထဲကနေ ထွက်လာတဲ့အချိန်မှာပဲ ဓာတ်ပုံရိုက်ကူးခွင့် ရခဲ့ပါတယ်။
အဲဒီပွဲ နောက်ပိုင်း မှာတော့ Ilgan Sports သတင်းထောက်က မင်းသားကို ဝေဖန်ခဲ့ပြီး လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလ တခုလုံးမှာ ကြော်ငြာ မော်ဒယ် တဦးအနေနဲ့သာ ပရိုမိုးရှင်းလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့အတွက် သူ့ကို မင်းသားတဦးလို့ မခေါ်ထိုက်ကြောင်း ဖော်ပြပြောဆိုခဲ့ပါတယ်။
မင်းသား Won နောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုကတော့ ၂၀၁၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ‘The Man from Nowhere’ ရုပ်ရှင်ပဲဖြစ်ပါတယ်။ သူဟာ အဲဒီနောက်ပိုင်းမှာတော့ ရုပ်သံကြော်ငြာနဲ့ တခြားကြော်ငြာတွေမှာသာ ပါဝင် ခဲ့တာကို တွေ့ရပါတယ်။ သူ့ကိုဝေဖန်ခဲ့တဲ့ သတင်းထောက်နဲ့အတူ အင်တာနက်သုံးစွဲသူ တွေရဲ့ ဆန္ဒတူညီခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။
အွန်လိုင်းပေါ်က ပရိသတ်တွေကတော့ “သူ့အလုပ်က မော်ဒယ်ပဲလေ၊ သရုပ်ဆောင် မဟုတ်ဘူးလို့ ကျနော်ထင်တယ်”၊ “သူ့သရုပ်ဆောင် အလုပ်က ပြီးဆုံးသွားခဲ့ပြီ” ၊ ငါတို့အခုကစပြီး Won Bin နဲ့ Lee Na Young တို့ကို သရုပ်ဆောင်လို့ ခေါ်ကြတာ ရပ်ကြစို့” လို့ ပြောဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
တဖက်မှာလည်း တချို့ပရိသတ်တွေကတော့ ဒါဟာ သူ့ဘဝ ဖြစ်တဲ့အကြောင်း၊ သူလုပ်ချင်ရာကို သူလုပ်နိုင်တဲ့ အကြောင်း၊ အလုပ်မလုပ်ဘဲ ချမ်းချမ်းသာသာနေနိုင်တာကို လူတိုင်းက မနာလိုဖြစ်နေတဲ့ အကြောင်း နားလည်ပေးကြသူ တွေလည်း ရှိနေပြန်ပါတယ်။
Ref:allkpop