Entertainment

လိင်ပြောင်းအမျိုးသားအဖြစ် သရုပ်ဆောင်မယ့် Scarlett Johansson ဝေဖန်ခံနေရ

မင်းသမီး Scarlett Johansson (စကားလက် ဂျိုဟန်ဆန်) ဟာ လိင်ပြောင်းအမျိုးသားတဦးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ နဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပြီး လိင်ပြောင်းမင်းသမီးတွေဖြစ်တဲ့ Trace Lysette နဲ့ Jamie Clayton တို့ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြပါတယ်။

မင်းသမီးတွေ ဖြစ်ကြတဲ့ Trace နဲ့ Jamie တို့ဟာ “Rub & Tug” ဆိုတဲ့ ရုပ်ရှင်မှာ လိင်ပြောင်အမျိုးသား တဦးအနေနဲ့ မင်းသမီး Scarlett ပါဝင်မယ့် ကိစ္စရပ်အပေါ် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က Twitter မှာ ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါ တယ်။

မင်းသမီး Trace က “ဟောလိဝုဒ်က တကယ့်ကို ညစ်ပတ်စရာကြီးပဲ” လို့ပြောဆိုသလို မင်းသမီး Jamie က “လိင်ပြောင်း ထားတဲ့ သရုပ်ဆောင်တွေက ဘယ်တော့မှာ ဝင်အရွေးခံခွင့် မရှိတော့ဘူးလား” ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

“Ghost in the Shell” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rupert Sanders ရိုက်ကူးမယ့် အဲဒီရုပ်ရှင်မှာတော့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တဲ့ လိင်ပြောင်း ပုဂ္ဂိုလ် Jean Marie Gill အဖြစ် မင်းသမီး Scarlett ကသရုပ်ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ The Hollywood Reporter မီဒီယာမှာဆိုပါတယ်။

အဲဒီသတင်းကြောင့် အွန်လိုင်းပေါ်မှာ တုံ့ပြန်ပြောဆိုမှုတွေ ပွက်လောညံခဲ့ပြီးတဲ့နောက်မှာ Bustle မီဒီယာက ကိုယ်စားလှယ်ကနေတဆင့် မင်းသမီး Scarlett ရဲ့ တုံ့ပြန်ပြောဆိုမှုကို ရရှိခဲ့ပါတယ်။

မင်းသမီးက “Jeffrey Tambor, Jared Leto နဲ့ Felicity Huffman တို့ရဲ့ကိုယ်စားလှယ်တွေရဲ့ မှတ်ချက် စကားတွေကို သွားနားထောင်လို့ သူတို့ကို ပြောလိုက်စမ်းပါ” လို့ ပြောကြားခဲ့ပါတယ်။ Jeffrey, Jared နဲ့ Felicity တို့ဟာ လိင်ပြောင်း ဇာတ်ကောင်တွေမှာ အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် Transparent, Dallas Buyers Club နဲ့ Transamerica တို့လိုမျိုး လိင်ပြောင်းပုဂ္ဂိုလ်တွေအကြောင်း အခြေခံတဲ့ရုပ်ရှင်တွေမှာ ပါဝင်ကြသူတွေ လည်း ဖြစ်ပါတယ်။

“Dallas Buyers Club” ရုပ်ရှင်မှာ မင်းသား Jared Leto နဲ့အတူ အလုပ်အတူတူ လုပ်ကိုင်ခဲ့တဲ့ ကနေဒါ ဒါရိုက်တာ Jean-Marc Vallee က “ကျနော် ဒီလိုမျိုး ပုဂ္ဂိုလ်ပုံစံကို လိုချင်လို့ ဒီလိုမျိုး ဇာတ်ရုပ်ကို ရိုက်တာကြောင့် လို့တော့ မဆိုလိုချင်ပါဘူး။ ဒါဟာ သရုပ်ဆောင်ခြင်းရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ သဏ္ဍာန်လုပ် သရုပ်တူတာပါ” လို့ ရုပ်ရှင်မှာ ပါဝင်နေကြသူတွေဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

မင်းသမီး Scarlett ရဲ့ မှတ်ချက်စကားကြောင့် ဝေဖန်မှုများကို မရပ်တန့်စေခဲ့ဘဲ ဝေဖန်မှုများ ပိုမိုများပြား လာခဲ့ပြီး “Transparent” ရုပ်ရှင်မှာ လိင်ပြောင်းအမျိုးသမီးတဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tambor ဟာ ရုပ်ရှင်မှာ အတူတူ ပါဝင်ခဲ့တဲ့ လိင်ပြောင်းသရုပ်ဆောင်တဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့တယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရိုက်ကူးရေးကနေ ဖယ်ရှားခံရတဲ့ ဖြစ်စဉ်ကိုလည်း ထောက်ပြပြောဆိုနေကြပါတယ်။

Ref: etcanada

Loading