အိန္ဒိယနိုင်ငံ ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဇာတ်လမ်းများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ မြန်မာပြည်ဖွား သရုပ်ဆောင် လိုင်လာခမ်းကတော့ သူမရဲ့မိခင်ဖြစ်သူကို အတုခိုးရင်း အမြဲလှချင်သွားတဲ့အတွက် လှလှပပ နေဖြစ်တယ်လို့ ဆိုပါတယ်။
“ဝါသနာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ မင်းသမီး မဖြစ်ခင်ကတည်းက အမြဲတမ်း လှချင်နေတာ။ အမေကို အတုခိုးရင်း ဖြစ်သွားတယ် ထင်ပါတယ်။ အမေက အမြဲလှလှပပနေတော့ သူ့ကိုကြည့်ပြီးတော့ သူက သိပ်မလှမပနေရင် စိတ်ဆိုးတယ်။ အကျင့်တခုလို ဖြစ်သွားတယ်။ မင်းသမီးဖြစ်သွားတော့ ပိုဆိုးသွားတယ်” လို့ လိုင်လာခမ်းက ပြောပါတယ်။
လိုင်လာခမ်းကတော့ လက်ရှိမှာ ဘောလိဝုဒ်အကသင်တန်း၊ မိတ်ကပ်သင်တန်း၊ Styling သင်တန်းတို့ကို ဖွင့်လှစ် သင်ကြားနေပြီး တခြားစီးပွားရေးလုပ်ငန်းကိုတော့ မလုပ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။
“ကျမ ဘောလိဝုဒ်အကသင်တန်းလေး ဖွင့်ထားပါတယ်။ တခြားစီးပွားရေးကတော့ အခုချိန်က စီးပွားရေးလုပ်လို့ ကောင်းတဲ့ အချိန်လည်းမဟုတ်သေးဘူးလေ။ ဘယ်လိုစီးပွားရေးမဆို ၁၀ ခုမှာ ၉ ခုလောက်က အရှုံးပေါ်တော့ ဒီချိန်မှာ ဘာမှတော့သိပ်မလုပ်ချင်ဘူး။ ကျမသင်တန်းမှာ လာတက်တဲ့သူတွေကလည်း မြန်မာတွေများပါတယ်။ အရင်ကထင်ထားတာ အိန္ဒိယစပ်တဲ့ သူတွေပဲ လာမယ်ထင်ထားတာ မဟုတ်ပါဘူး လာကြပါတယ်။ တခြားမိတ်ကပ် သင်တန်းမှာလည်း လူများပါတယ်။ Styling သင်တန်းမှာလည်း လူရှိတဲ့အတွက် ကျေနပ်ပါတယ်” လို့ပြောပါတယ်။
သူမရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မိုးရာသီအကုန်မှာ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့ ရုပ်ရှင်တကား ရိုက်ဖို့ပြောထားတာရှိပြီး လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု မရှိသေးဘူးလို့ ပြောပါတယ်။
“အခုလောလောဆယ်တော့ မရှိသေးပါဘူး။ မိုးကုန်ရင်တော့ ဦးမျိုးနဲ့ ချိတ်ထားပါတယ်။ အခုကတော့ ရုံရက်နဲ့ ဘာနဲ့ဆိုတော့ မပြောတတ်ဘူး။ ရှေ့နှစ်ဆိုရင်တော့ တွေ့ရဖို့မျှော်လင့်ပါတယ်။ ဒီတခေါက်ကတော့ ဟာသကား ဆိုရင်တော့ ဟာသဇာတ်ရုပ်နဲ့ တွေ့ရမယ်။ Suspense ဆိုရင်တော့ အန်ဂျလာဇာတ်ရုပ်ကို ပြန်မြင်ရမယ်ပေါ့” လို့ လိုင်လာခမ်းက ပြောပါတယ်။
လိုင်လာခမ်းကတော့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန်ဇာတ်ရုပ်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ရုပ်ရှင်ပရိသတ်များက သတိထားမိခဲ့ကြပြီး “ရာဇဝင်ရိုင်းသူများ” ဇာတ်ကားနဲ့လည်း ပရိသတ်က အကယ်ဒမီတစ် ကြိုပေးခြင်းခံခဲ့ရတဲ့ သရုပ်ဆောင်တယောက်ဖြစ်ပါတယ်။
“ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။ လိုင်လာ့ကို စင်သီယာဆိုတဲ့ ရိုးသားတဲ့ မိန်းကလေး တယောက် အနေနဲ့လည်း လက်ခံသလို အန်ဂျလာဆိုတဲ့ ဗီလိန်တယောက်အနေနဲ့လည်း လက်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်လာမယ့် ကာရိုက်တာတိုင်းကို ပရိသတ်ကြီး လက်ခံပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ လိုင်လာခမ်းက ပြောပါတယ်။