Entertainment

တင်မောင်ဆန်းမင်းဝင်းတို့ သားအဖ ဖျော်ဖြေမယ့် မိုးရာသီအထူးပွဲ လာတော့မည်

သစ္စာမေတ္တာရွှေမန်းသဘင် အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့ မြေး ၊မင်းသားဆန်းဝင်းရဲ့သား ဖြစ်ပြီး လက်ရှိမှာ အောင်မြင်နေတဲ့ ဇာတ်မင်းသားတဦးဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းက နှစ်စဉ်ဖျော်ဖြေနေကျဖြစ်တဲ့ မိုးရာသီ အထူး ဖျော်ဖြေပွဲကြီးကို ဒီနှစ်မှာလည်း (၄)နှစ်မြောက် အနေနဲ့ ဇွန်လိုင်လ၂၇ ရက်မှာစတင်ပြီး ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်း မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မိုးရာသီမှာတော်တော်များများက အနားယူပြီး ဇာတ်တိုက်တဲ့နှစ်မှာ ကျနော်က ကျနော်အဖွဲ့သားတွေကို ငဲ့ပြီး ဒီပွဲလေးလုပ်ဖြစ်တာပါ။ အဖွဲ့သားတွေရဲ့ စားဝတ်နေရေးနဲ့ တနိုင်ငံလုံး သဘင်အနုပညာရှင်တွေကို သိအောင် ပြုလုပ်တဲ့ပွဲဆိုရင်လည်း မမှားပါဘူး”

“ကျနော်ဇာတ်ကို သိဖို့ထက်စာရင် မင်းသားမျိုးဆက်သစ်လေးများကို သိသွားတာက သဘင်အတွက် အထောက်အကူ တခုလို့ ကျနော်ယူဆပါတယ်။ မျှော်စင်ကျွန်းဆိုတဲ့ လူငယ်ပရိသတ်တွေရှိတဲ့နေရာမှာ ဖျော်ဖြေရတာ ကျနော် အများကြီး ဂုဏ်ယူပါတယ်။ စိတ်ဝင်စားတဲ့ လူငယ်တွေရှိသလို စိတ်မဝင်စားတဲ့ လူငယ်များရှိခဲ့ရင်လည်း “ဒါငါတို့သဘင် ပါလား” ဆိုတာသိစေချင်အတွက် ရည်ရွယ်ချက်နဲ့ဲ ကပြတာပါ’’လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

ကပြဖျော်ဖြေမယ့် တင်မောင်ဆန်းမင်းဝင်းရဲ့ အထူးပွဲမှာ သားဖြစ်သူ မင်းရွှေရောင်တင်ကလည်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အသက်ငယ်ငယ်နဲ့ ဇာတ်ကနေတဲ့ မင်းသားငယ်လေးဖြစ်ပါတယ်။ အခုချိန်မှာအသက် ၆နှစ်ခွဲကျော်ရှိပြီဖြစ်တဲ့ မင်းရွှေရောင်တင်ကလည်း ဖခင်ဖြစ်သူရဲ့ ဖျော်ဖြေပွဲမှာ အားဖြည့်ပြီးပါဝင်ကပြဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း မင်းရွှေရောင်တင်က အခုလိုဆိုပါတယ်။

“သားကတဲ့ ပညာက သားစိတ်ထဲကနေ ဘာကချင်ဆိုတာကို ခေါင်းထဲကနေမှတ်ပြီး ကတာပါ။ သားကျောင်းက ILBC မှာတက်တာ စနေတနင်္ဂနွေ ရန်ကုန်မှာလာကတယ်။ ပထမတန်းတက်နေပါတယ်။ သားဖေဖေနဲ့တွဲကရင် ရယ်ရတယ်။ ဒီနှစ်ကလည်း ကမယ်။ဆိုလဲဆိုမယ်”

“ သားက မင်းသားဝတ်စုံလေးတွေဝတ်ရင် ပိုပျော်တယ်။ ပရိသတ်တွေကို သားတို့ဇာတ်ကို လာကြည့် ခိုင်းချင်တယ်။ သားတို့လည်း ကချင်တယ်။သားတို့လည်း ပိုက်ဆံရအောင်လုပ်ချင်တယ်။ အဲ့တာကြောင့် ပရိသတ်တွေကို လာခိုင်းချင်တာ။ သားကိုဖေဖေက တညကရင် ၁သိန်းပေးတယ်။ ပိုက်ဆံတွေ အများကြီး စုထားတယ်။ ဒီနှစ်လည်း သားပြက္ခဒိန်တွေ ရိုက်ထားတယ်။ အဲဒီမှာသားက ဆရာဝန်ရယ်။ စစ်သားရယ်၊ ကျောင်းသားရယ် ဝတ်စုံတွေဝတ်ပြီး ရိုက်ပေးထားတယ်။ သားကကြီးလာရင် ဆရာဝန်ဖြစ်ချင်တယ်” လို့ မင်းရွှေရောင်တင်က ပြောပါတယ်။

နှစ်တိုင်းပြုလုပ်နေကြဖြစ်တဲ့ ဒီကပြဖျော်ဖြေပွဲကို 5PLUS ရုပ်သံကနေ တိုက်ရိုက် ထုတ်လွင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Loading