ဟောလိဝုဒ် ပရိုဂျူဆာနဲ့ မင်းသား Dwayne Johnson က အဆိုတော် Nick Jonas နဲ့ မင်းသမီး Priyanka Chopra တို့ကို အောင်သွယ်ပေးခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။
“The Rock” လို့ သိကြတဲ့မင်းသား Johnson ဟာ သူတို့စုံတွဲနှစ်ဦး အချစ်ဇာတ်လမ်းနောက်ကွယ်က လျှို့ဝှက် အောင်သွယ်တော် ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့အကြောင်း etonline.com မှာ ဖော်ပြပါတယ်။ Nick နဲ့ Priyanka တို့ရဲ့ အချစ်ရေးအကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ မင်းသား Johnson က “သူတို့ပျော်ရဲ့လား” လို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။
သူတို့နှစ်ယောက် အဆင်ပြေနေတာကို သိခဲ့ပြီးတဲ့နောက်မှာ မင်းသား Johnson ဟာ သူနဲ့အတူတူ ဇာတ်လမ်းတွဲ ရိုက်ဖူးတဲ့ သရုပ်ဆောင်နှစ်ဦးကို ဆက်သွယ်ပေးခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အတည်ပြုခဲ့ပါတယ်။
မင်းသားက “ဟုတ်ပါတယ်။ ကျနော် အောင်သွယ်ပေးခဲ့တာပါ။ သူတို့ပျော်နေတယ်ဆိုရင် ကျနော်က Baywatch နဲ့ Jumanji ကို ညွှန်းဆိုပြရမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသားပြောကြား ခဲ့တဲ့ အဓိပ္ပါယ်ကတော့ “Baywatch” ရုပ်ရှင်မှာ မင်းသမီး Priyanka ၊ “Jumanji: Welcome to the Jungle” ရုပ်ရှင်မှာ အဆိုတော် Nick နဲ့ တွဲရိုက်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် မင်းသမီး Priyanka နဲ့ အသက်၂၅ နှစ်အရွယ် အဆိုတော် Nick တို့ဟာ စုံတွဲ ရွှေလက်စွပ်တွေကို ဝတ်ဆင်ထားကြပြီလို့ ဆိုပါတယ်။
သူတို့ဟာ အိန္ဒိယနိုင်ငံမှာ အားလပ်ရက် အပန်းဖြေ ခရီး ထွက်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၄ ရက်နေ့မှာလည်း တနေ့တာကို အတူတူ ကုန်ဆုံးခဲ့ကြပါတယ်။ သတင်းတွေရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ မကြာခင်စေ့စပ်ပြီးတော့ တချို့ကိစ္စတွေကို တရားဝင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ MET gala ပွဲမှာ အတူတူ တက်ရောက်လာ ခဲ့ပြီးတဲ့နောက်ပိုင်း ပရိသတ် စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။ Nick နဲ့ Priyanka တို့ကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အခုအချိန်အထိ အတည်ပြု တာရော ငြင်းဆိုတာရော မပြုလုပ်ကြသေးပေမယ့် သူတို့ဟာ တဦးကိုတဦး ချစ်မြတ်နိုး၊ တွယ်တာကြောင်း ပြသဖို့ လူမှုကွန်ရက်မီဒီယာတွေမှာ မကြာခဏဆိုသလို ပြောဆို ရေးသားလေ့ရှိပါတယ်။
ပြောရမယ်ဆိုရင် သူတို့စုံတွဲနှစ်ဦးဟာ မကြာသေးခင်ကပဲ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တဲ့ သူတို့ရဲ့ ခရီးစဉ်အတွင်းမှာ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်ခဲ့ချိန်မှာတော့ လက်ချင်းချိတ်ထားတာကို မြင်တွေ့ခဲ့ကြရပါတယ်။
Nick ဟာ Priyanka ရဲ့ မိခင်နဲ့ ချစ်ခင်ရသူတွေကို မကြာသေးခင်က ခရီးစဉ်အတွင်းမှာ ဆုံတွေ့ခဲ့ပြီးဖြစ်ပါတယ်။ Nick ကို ဂုဏ်ပြုပါတီတခုမှာလည်း Alia Bhatt နဲ့ Parineeti Chopra တို့လိုမျိုး နာမည်ကျော် ပုဂ္ဂိုလ်တချို့ တက်ရောက်ခဲ့တာကို လည်း မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့မှာရှိတဲ့ လှပတဲ့ aနရာတွေကိုလည်း အလည်အပတ်ခရီး အဖြစ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
Ref: indianexpress