မင်းသမီး Gal Gadot ဟာ ဗာဂျီးနီးယားပြည်နယ်၊ Falls Church မြို့မှာရှိတဲ့ Inova ကလေးဆေးရုံကို တကယ့် “Wonder Woman” တယောက်အသွင်နဲ့ သွားရောက်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ အဲဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ သူရဲ့ ကလေးအရွယ် ပရိသတ်တွေကို အံ့သြစေဖို့နဲ့ အားပေးဖို့အတွက် Wonder Woman ဝတ်စုံကိုဝတ်ဆင်ပြီး ဇူလိုင်လ ၆ ရက်နေ့မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး မင်းသမီးရဲ့ ရုတ်တရက်ခရီးစဉ်ကြောင့် ကလေးငယ်တွေဟာ ပျော်ရွှင်ခဲ့ကြပါတယ်။ မင်းသမီး Gal ဟာ အဲဒီနေရာမှာပဲ အဲဒီဝတ်စုံနဲ့ ဓာတ်ပုံတော်တော်များများ ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။
The Hollywood Reporter မီဒီယာမှ အကြီးတန်းသတင်းထောက်တဦးက Twitter မှာ အဲဒီအထဲက ဓာတ်ပုံတခုကို တင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဆံပင်မရှိတော့တဲ့ ကလေးငယ်ဟာ သူ့ရဲ့ကုတင်ပေါ်မှာ ပြုံးနေပြီး Wonder Woman မင်းသမီးက သူ့ရဲ့ အရှေ့မှာ ရပ်နေခဲ့ပါတယ်။
တခြားဓာတ်ပုံတခုမှာဆိုရင်တော့ မင်းသမီး Gal ဟာ သွေးကင်ဆာဝေဒနာရှင် Karalyne Sahady လို့အမည်ရတဲ့ ကလေးငယ်တဦးကို ချီမပြီး နမ်းရှုံ့နေတာကိုလည်း တွေ့ရပါတယ်။ အစ္စရေးမင်းသမီး Gal ဟာ အဲဒီကလေးငယ်ကို ပွေ့ချီထားစဉ်မှာ ပြုံးပျော်နေခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
အခုလိုမျိုး ခရီးစဉ်အတွင်းမှာ ပျော်ရွှင်ခဲ့ဲကြရတာ အဲဒီဝေဒနာရှင်ကလေးငယ်တွေသာ မဟုတ်ပါဘူး။ ဆေးရုံ ဝန်ထမ်းတွေနဲ့ အဖွဲ့ဟာလည်း မင်းသမီးနဲ့အတူ ဓာတ်ပုံအတူတွဲရိုက်ခွင့်ရတဲ့အပြင် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ဝန်ထမ်းတဦးကတော့ ဆေးရုံဝန်ထမ်းတွေနဲ့ မင်းသမီး အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတခုကို Instagram မှာ တင်ပြီး အခုလိုမျိုး ကလေးငယ်တွေအတွက် စူပါပါဝါ ယူဆောင်လာတဲ့အတွက် မင်းသမီးကို ကျေးဇူးတင်တဲ့ အကြောင်း ပြောဆို ထားတာကိုလည်း တွေ့ရပါတယ်။
ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေကလည်း Amazonian စစ်သည်တော်မင်းသမီး နဲ့အတူ ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကြပါသေးတယ်။ ကလေးကျောက်ကပ် အထူးကုဆရာဝန် တဦးရဲ့ Twitter ပေါ်က ဓာတ်ပုံတခုမှာတော့ မင်းသမီး Gal ဟာ ဆရာဝန်တွေနဲ့အတူ ပြုံးပျော်နေခဲ့တာကို တွေ့ရပါတယ်။
အခုလိုမျိုး လူနာတွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေထံကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူး အရမ်းတင်တဲ့ အကြောင်း၊ နောက်တကြိမ်ကျရင်တော့ သူ အလုပ်ဆင်းတဲ့အချိန်ကို ချိန်ညှိပြီးလာရောက်နိုင်ပါကြောင်း ဖိတ်ခေါ်ပြောဆိုထားတာကို လည်း တွေ့ရပါတယ်။
မင်းသမီး Gal ဟာ လက်ရှိမှာ “Wonder Woman 1984” လို့အမည်ရတဲ့ “Wonder Woman” နောက်ဆက်တွဲ ရုပ်ရှင်ကို ရိုက်ကူးနေပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်မှာပဲဖြစ်ပါတယ်။
Ref: aceshowbiz