လက်ရှိ ကမ္ဘာတဝန်းက ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက မယ်ဆိုင်ဂူတွင်းမှာ ၁၀ ရက်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ ကလေးငယ်များနဲ့ ပတ်သက်ပြီး ကချင် မော်ဒယ် J နော်က ထိုင်းနိုင်ငံ အစိုးရဟာ လူတယောက်ရဲ့အသက်ကို အများကြီး တန်ဖိုးထားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အခုထိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ၁၃ ယောက်ဆိုရင် ကလေး သဘာဝမလို့ ဖြစ်တာပေါ့။ သူတို့မှာ နည်းပြပါတယ်။ နည်းပြဆရာရဲ့ ဦးဆောင်မှုလည်းပါတယ်။ ကလေးတွေဖြစ်တဲ့အတွက် ဒါကို နော်လေးအနေနဲ့လည်း အပြစ် မပြောလိုဘူး။ ဘာလို့လဲဆို ကိုယ်လည်း ကလေးဘဝက ဖြတ်သန်း လာခဲ့တဲ့အချိန်မှာ ဘယ်လောက်ထိ စပ်စုပြီးတော့ နေရာတကာ ကိုယ်မရောက်ဖူးတဲ့နေရာတွေ အရမ်းသွားချင်ခဲ့တယ်” လို့ J နော်က ပြောပါတယ်။
“သူတို့ ပိတ်မိနေတယ်ဆိုပေမယ့် သူတို့နိုင်ငံ အစိုးရက လူတယောက်ရဲ့ အသက်တန်ဖိုးကို အများကြီး တန်ဖိုးထားတယ်။ ကြည်းတပ်၊ လေတပ်၊ ရေတပ် ရှိသမျှ အစိုးရဘက်ကနေ လုပ်ပေးနိုင်တဲ့ အတိုင်းအတာ တခုထက်ပိုပြီး ကျော်လွန်အောင် လုပ်ပေးတယ်။ လူတယောက်ရဲ့ အသက်ကို တန်ဖိုးထားတယ်။ ကလေး တယောက်ချင်းစီတိုင်းရဲ့ မိဘတွေ ပူဆွေးသောက ရောက်နေတာကို သူတို့နှစ်သိမ့်ပေးတယ်။ ဖြေသိမ့်ပေးတယ်”လို့ J နော်က ဆိုပါတယ်။
အဲဒီလို သွားရောက်ကယ်ဆယ်ရင်း ဂူအတွင်းမှာ ကယ်ဆယ်ရေးသမားတဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း J နော်က သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။
“နော်လေး Facebook မှာ ကြည့်လိုက်ရတယ် သွားကယ်ဆယ်ရင်းနဲ့မှ ကလေးတွေကို သွားကယ်ဆယ်ရင်းနဲ့မှ အစိုးရဝန်ထမ်းအသက်ဆုံးရှုံးသွားရတာလည်း နော်လေးတို့ကြားရတယ်။ သူတို့မိသားစုနဲ့ ထပ်တူလည်း ဝမ်းနည်း ရပါတယ်။ ကလေး ၁၃ ယောက်ကို ကယ်ဖို့အတွက် သူ့အသက်ကို စတေးလိုက်ရတယ်။ သူမိသားစု ငိုနေတာကို တွေ့လိုက်ရတော့ အရမ်းလေးစားတယ်။ အသက်ကို စတေးပြီးတော့တောင်မှ ကယ်တဲ့အတွက် တကယ်လည်း အားရကျေနပ်မှုရှိတယ်” လို့ J နော်က ပြောပါတယ်။
“နော်လေးတို့ မြန်မာနိုင်ငံကိုလည်း အဲ့လိုတွေဖြစ်စေချင်တယ်။ မြန်မာနိုင်ငံက အစိုးရဝန်ထမ်းတွေကိုလည်း အဲ့လိုဖြစ်စေချင်တယ်။ သူများနိုင်ငံက ကိုယ့်အသက်တောင် ပဓာန မထားဘဲ တကယ်ကို ဒုက္ခရောက်နေတဲ့ သူတွေကို ကယ်တင်ဖို့ အသက်တောင် စတေးရဲတယ်။ ဒါက ထိုင်းနိုင်ငံအတွက်လည်း ဂုဏ်ယူစရာ ကောင်းတယ်။ အကြောင်းအရာ တခုခုကို ဂဃနဏ မသိဘဲနဲ့ ဝေဖန်တာ စောလွန်းသွားရင်လည်း တခြားဘက်ကနေ ထိခိုက်တာတွေ အများကြီးရှိနိုင်တယ်” လို့ J နော်က ပြောပါတယ်။
“အဲ့လို ဝေဖန်တာတွေလုပ်နေမယ့်အစား ဘယ်လိုကူညီရင် အဆင်ပြေမလဲ။ ဘယ်လိုအကြံပေးရင် အဆင်ပြေမလဲ။ အဲ့လိုမျိုး မြန်မာနိုင်ငံကိုလည်း တွေးစေချင်တယ်။ သူများနိုင်ငံမှာ အစိုးရတွေက အစ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနဲ့ လုပ်ကြတယ်။ ကိုယ့်မြန်မာနိုင်ငံကိုလည်း အဲ့လိုမျိုးဖြစ်စေချင်တယ်။ အဲ့လိုစုစုစည်းစည်းနဲ့ သိုက်သိုက်ဝန်းဝန်း လုပ်မှသာ မြန်မာနိုင်ငံလည်း သူများနိုင်ငံကို မြန်မြန်တိုးတက်မှာပေါ့’’လို့လည်း J နော်က ပြောပါတယ်။
ကချင်မော်ဒယ် J နော်က လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ်တဦးဖြစ်ပြီး အနုပညာလှုပ်ရှားမှု အနေနဲ့ “နိုင်ငံကြီးသား” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေသူတဦး ဖြစ်ပါတယ်။