အသက် ၂၀ အရွယ်သာရှိသေးပြီး နာမည်ကျော် Kardashian ရသစုံ အစီအစဉ် စတား တဦးဖြစ်တဲ့ Kylie Jenner ဟာ ကိုယ်တိုင်ရှာဖွေထားတဲ့ငွေနဲ့ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလီယံနာ တဦးဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း Forbes မဂ္ဂဇင်း က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သမီးလေး Stormi ကို မွေးဖွားခဲ့တဲ့ Kylie ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက Kylie Cosmetics အလှကုန်ပစ္စည်းကို စတင်ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ကုမ္ပဏီကနေ ဒေါ်လာ သန်း ၆၃၀ တန်ဖိုးရှိတဲ့ မိတ်ကပ်တွေကို ရောင်းချခဲ့ရကြောင်း မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
Forbes မဂ္ဂဇင်းရဲ့ အဆိုအရ သူ့ရဲ့ ကုမ္ပဏီမှာ အချိန်ပြည့်ဝန်ထမ်း ၇ ဦးနဲ့ အချိန်ပိုင်းဝန်ထမ်း ၅ ဦးသာရှိတယ်လို့ သိရပါတယ်။ Forbes မဂ္ဂဇင်းက Kylie ရဲ့ ကုမ္ပဏီဟာ ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိကြောင်းနဲ့ ရုပ်သံအစီအစဉ် နဲ့ ကြော်ငြာတွေ ကနေ ဝင်ငွေတွေဟာ စုစုပေါင်း ဒေါ်လာ သန်း ၉၀၀ ရှိတယ်လို့ ဆိုထားပါတယ်။
Kylie ဟာ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းပုံဖော်တံ တို့ကိုတွဲဖက်ရောင်းချတဲ့ ၂၉ ဒေါ်လာတန်ဖိုးရှိ “Lip Kit” ကို စတင်ထုတ်လုပ် ခဲ့တဲ့ ကုမ္ပဏီရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။
သူဟာ Forbes မဂ္ဂဇင်းရဲ့ ကိုယ်တိုင် ရှာဖွေထားတဲ့ အချမ်းသာဆုံးအမေရိကန်အမျိုးသမီးစာရင်းမှာ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် Facebook တည်ထောင်သူ Mark Zuckerberg ကို ကျော်တက်ကာ အသက်အငယ်ဆုံး ကိုယ်တိုင်ရှာ ဖွေထားတဲ့ငွေနဲ့ ဘီလီယံနာ ဖြစ်လာခဲ့ပါတယ်။
Kylie က “ဒီဆောင်းပါးနဲ့ အသိအမှတ်ပြုမှုအတွက် Forbes ကို ကျေးဇူးတင်ပါတယ်။ နေ့တိုင်း ကျမချစ်မြတ်းနိုးတာကို ပိုမိုလုပ်ဆောင်လာချင်မိပါတယ်။” လို့ မျက်နှာဖုံး Story ဓာတ်ပုံတခုနဲ့အတူ Twitter မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလိုမျိုး သူ့ရဲ့အောင်မြင်မှုဟာ နာမည်ဂုဏ်သတင်းနဲ့ ဆိုရှယ်မီဒီယာတွေကို လွှမ်းမိုးနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။
သူဟာ Instagram မှာ Follower သန်း ၁၁၀၊ Twitter မှာ ၂၅ ဒဿမ ၆ သန်းနဲ့ သူ့ကုမ္ပဏီမှာ Follower ၁၆ ဒဿမ ၄ သန်းရှိပါတယ်။ Kylie ဟာ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဟောင်း Bruce Jenner နဲ့ Kris Jenner တို့ရဲ့ အငယ်ဆုံးသမီး ဖြစ်ပါတယ်။ စူပါမော်ဒယ် Kendall Jenner ရဲ့ ညီမလည်းဖြစ်ပြီး Kim, Kourtney နဲ့ Khloe Kardashian တို့နဲ့လည်း ညီအမဝမ်းကွဲတော်စပ်ပါတယ်။
Forbes ရဲ့အဆိုအရ သူဟာ မော်ဒယ်လုပ်ငန်းကနေ ရရှိတဲ့ ဝင်ငွေ ဒေါ်လာ ၂ သိန်းခွဲကို ကုမ္ပဏီရဲ့ ပထမဆုံး Lip kit ၁ သောင်းခွဲထုတ်လုပ်ဖို့ အသုံးပြုခဲ့ပြီး Instagram မှာလည်း ကြေညာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင် မိတ်ဆက်ရောင်းချချိန်မှာတော့ တမိနစ်အတွင်း ရောင်းကုန်သွားခဲ့ပါတယ်။
အဲဒီနှစ် မေလမှာ Kylie ဟာ ယာယီနှုတ်ခမ်း Filler ထိုးထားကြောင်းဝန်ခံခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ပြန်ဖြုတ်လိုက်ပြီဖြစ်တဲ့အကြောင်း Instagram မှာ ကြေညာခဲ့ပါတယ်။
Ref: asiaone