Super Model တဦးဖြစ်တဲ့ ကချင်မော်ဒယ်၊ အလှမယ် ဂျေနော်က ၂၀၁၈ ခုနှစ် တနှစ်ပတ်လုံးမှာ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခခန်းတွေကို တတ်နိုင်သလောက် လစဉ် သွားရောက် လှူဒါန်းသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“၂၀၁၈ မှာ နောလေးရဲ့ အနုပညာကနေ ရရှိလာတဲ့ အဖိုးအခလေးနဲ ပေါ့နော်။ ဒီ တနှစ်ပတ်လုံး လှုဒါန်းသွားပါ့မယ်လို့ ကြေညာထားတဲ့အတိုင်း တလမှာ အနည်းဆုံး ၁ ခေါက်၊ သွားနိုင်တဲ့အခါဆို ၂ ခေါက် ပေါ့နော်။ ဒီလဆိုလည်း ၁ ခေါက်သွားပြီးပြီ။ နောက်ထပ် ၁ ခေါက် သွားကူညီဖို့ ရှိပါတယ်” လို့ ဂျေနော်က ဧရာဝတီကို ပြောပါတယ်။
“နောလေးတို့ ကချင်ပြည်နယ်မှာ လက်ရှိ စစ်ဘေးရှောင်စခန်းတွေ အများကြီးရှိတယ်။ ပြီးတော့ သူတို့ကလည်း ကချင်တိုင်းရင်းသား ဖြစ်လို့ပဲ မဟုတ်ဘူးပေါ့နော်။ သူတို့ကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲ ဖြစ်တယ်။ နောတို့က ကိုယ့်ပြည်သူ အချင်းချင်း၊ မြန်မာနိုင်ငံသားအချင်းချင်း ကူညီတယ်ပေါ့နော်။ ပြီးတော့ တခုရှိတာက နောလေးတို့ ကချင်ပြည်နယ်ကနေ ဖြစ်တဲ့အတွက်ကြောင့် မို့လို့၊ နောလေးလည်း ကချင်တိုင်းရင်းသူ တယောက် ဖြစ်တဲ့အတွက်ကြောင့်မို့ သွားပြီးတော့ ကူညီထောက်ပံ့ပေးဖြစ်တာပါ”လို့ ဂျေနော်က ဆိုပါတယ်။
မော်ဒယ် ဂျေနော်က စစ်ဘေးရှောင်များမှာ အဓိကအနေနဲ့ လိုအပ်တာကို စဉ်းစားပြီး လှုဒါန်းတယ်လို့ ဆိုပါတယ်။ တချို့ အဖွဲ့အစည်းကြီးကြီး တော်တော်များများက ဆန်၊ဆီ၊ဆား၊ အခြား အထောက်အကူပစ္စည်းများ လှုဒါန်းမှုများ ရှိတာကြောင့် ယခု မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက် မိုးကာ၊ ကျောင်းချိန်လည်း ဖြစ်နေတာကြောင့် ကလေးများအတွက် စာအုပ်၊ ဘောပင်၊ ခဲတံများ လှုဒါန်းတယ်လို့ ဆိုပါတယ်။ ခေါက်ဆွဲခြောက်၊ ကြက်ဥနဲ့ အခြား အရန်သင့် စားသောက်လို့ရတဲ့ အစားအစာများကိုလည်း လှုဒါန်းဖြစ်တာများတယ်လို့ ဂျေနော်က ဆိုပါတယ်။
လက်ရှိ ကချင်လူမျိုးနဲ့ လူငယ်များအတွက် အဓိက အလိုအပ်ဆုံးအရာနဲ့ ပတ်သက်ပြီးလည်း ဂျေနော်က “နောလေးတို့ ကျတော့ ကချင်ပြည်နယ်မှာ မွေးဖွားကြီးပြင်း လာတဲ့သူတွေဆိုတော့ စစ်ဘေးရဲ့ ဒုက္ခဒဏ်ကို ပိုပြီး ခံစားခဲ့ရတာပေါ့နော်။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုဒုက္ခ အခက်အခဲတွေကြားထဲကနေ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ကြိုးစား၊ ရုန်းကန်ပြီးတော့ ဒီလိုတက်လှမ်းလာခဲ့ရတာဆိုတော့ အခုနောလေးတို့ ကချင်လူမျိုးတွေဆီမှာ ဖြစ်နေတဲ့ ပြဿနာက ဘာလဲ ဆိုတော့ အခုနောလေးတို့က လူမျိုးစုငယ်လေး တခုလည်း ဖြစ်တယ်။ ပညာရေးပိုင်းက အခုလိုစစ်ဖြစ်တဲ့အချိန်မှာ အရမ်း အခက်အခဲ ဖြစ်တယ်”
“နောင်လာမယ့် မျိုးဆက်သစ် အနာဂတ် ခေါင်းဆောင်တွေလည်း ဖြစ်လာနိုင်တာပဲလေ။ အခုတော့ သူတို့အတွက် ပညာရေး ဖွံဖြိုး တိုးတက်မှုတွေ အများကြီး နှောင့်နှေးလာတာပေါ့။ နောလေးတို့ဆိုလည်း အသက်ကြီးလာတဲ့အချိန်ကျမှ ရန်ကုန်မြို့မှာ လာပြီးတော့ အများကြီး ရုန်းကန်ယူရတယ်။အဓိက လူမျိုးတမျိုး တိုးတက်ဖို့၊ တိုင်းပြည်တခု တိုးတက်ဖို့က ပညာရေးက အရမ်း အဓိကျတယ်။ အခုတော့ နောလေးတို့လိုမျိုး စစ်ဘေးတွေကို ပြေးရှောင်နေရတယ်။ အဲဒီလို အချိန်မှာ ပညာရေး၊ စီးပွားရေး အစစ အရာရာ နှောင့်နှေးတယ်။ အဓိက ပြဿနာကတော့ ပညာရေးပါ”လို့ ဂျေနော်က ဆိုပါတယ်။
ကချင်မော်ဒယ် ဂျေနော်ကတော့ စစ်ပွဲကြီးတွေ အမြန်ဆုံး ရပ်သွားဖို့ကိုလည်း ပထမဆုံး ဆုတောင်း ဖြစ်နေပြီး နောက်ပိုင်းမှာ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်မှုပိုင်းနဲ့ အခြား ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာတွေ အတွက်လည်း မျှော်လင့် ဆုတောင်းနေသူပါ။
“အခုဆိုရင် လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းလာပါပြီ။ နောက်ပိုင်းမှာ တကယ်လိုအပ်တာက စစ်ကြီး အမြန်ဆုံး ငြိမ်းချမ်းပြီးတော့ ပြီးဆုံးသွားဖို့ရယ်၊ ဖွံဖြိုးလာဖို့ရယ် နောလေးတို့ လူငယ်တွေ မျှော်လင့်ရတာပေါ့နော်” လို့လည်း မော်ဒယ် ဂျေနော်က ဆိုထားပါတယ်။