ဒီနေ့အတွက် ညွှန်းဆိုပေမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Umesh Shukla ရိုက်ကူးထားပြီး မင်းသားကြီး Amitabh Bachchan နဲ့ Rishi Kapoor တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟင်ဒီစကားပြော အိန္ဒိယဟာသ ဇာတ်မြူးဒရာမာ ရုပ်ရှင် ဖြစ်ပါတယ်။
စာရေးဆရာ Saumya Joshi ရေးသားတဲ့ ဂူဂျာရတ် ပြဇာတ်တခုကို အခြေခံ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ မေလ ၄ ရက်နေ့မှာ ဖြန့်ချိပြသခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားအဖြစ် စံချိန်တင်လိုတဲ့ အသက် ၁၀၂ နှစ် အရွယ် အမျိုးသားတဦးက အသက် ၇၅ နှစ်အရွယ် သားဖြစ်သူရဲ့ ဝမ်းနည်းမှုနဲ့ ဂျက်ကန်ကန် စရိုက်ကို ဖယ်ရှားပေးတဲ့အကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဒရာမာ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ထူးခြားချက်က အဓိကမင်းသမီး ပါဝင်ခဲ့တာ မရှိတဲ့အပြင် စကားပြော အရမ်းများတဲ့ ရုပ်ရှင်ဖြစ်တဲ့ အတွက် တခါတရံ ပျင်းရိငြီးငွေ့ဖွယ် ကောင်းမယ့် ဇာတ်လမ်းရဲ့ အဓိကမြှုပ်ကွက်ကို ဇာတ်သိမ်းခါနီးမှ ဖော်ထုတ်တာမို့လို့ ကြည့်ရှုသူ ပရိသတ်ကို ဇာတ်သိမ်းအထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တခုလည်း ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ ၁၉၉၁ ခုနှစ်က “Ajooba” ရုပ်ရှင်မှာ အတူတွဲပြီး ပါဝင်ခဲ့ဖူးကြတဲ့ မင်းသားကြီး အမီတာဘဂျမ်း နဲ့ Rishi Kapoor တို့ ပြန်လည် လက်တွဲ ရိုက်ကူးထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
Dattatraya (အမီတာဘဂျမ်း) ဟာ အသက် ၁၀၂ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပေမယ့် သူ့ရဲ့ နှလုံးသား ကတော့ ၂၆ နှစ်အရွယ်သာ ရှိပါသေးတယ်။ သူဟာ ဘဝကို ပျော်ပျော်ကြီး နေထိုင်ပြီး အရာရာတိုင်းကို အကောင်းမြင်ဘက်ကပဲ တွေးတော့တဲ့ လူတယောက်ပါ။ သူ့သား ဘာဘူ(Kashi Kapoor) ကတော့ သူနဲ့ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်ကြီးနေထိုင်ဖို့ အသက်ကြီးသွားပြီလို့ တွေးထားတဲ့သူဖြစ်ပြီး နေ့စဉ် ပုံမှန်ဘဝနဲ့ပဲ ဖြတ်သန်းနေသူဖြစ်ပါတယ်။
Dattatraya ကတော့ လက်ရှိမှာ တရုတ်နိုင်ငံသားတဦးက တင်ထားတဲ့ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသား စံချိန်ကို ချိုးဖျက်လိုသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ဆိုရင် သူက အသက် ၁၆ နှစ် ထပ်မံနေထိုင်ဖို့ လိုအပ်ပါသေးတယ်။
အဲဒီလိုမျိုး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် သူဟာ မကောင်းမြင် စိတ်ဓာတ်ရှိတဲ့ လူတဲ့ ခပ်ဝေးဝေး နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ လူပိုတယောက်လိုဖြစ်နေတဲ့ သားဖြစ်သူကို ဘိုးဘွားရိပ်ပို့ဖို့ စီစဉ်ရာကနေ ဒီဇာတ်လမ်း စတင်ဖြစ်ပေါ်လာပါတယ်။ တကယ်လို့များ ဖခင်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် ဘိုးဘွားရိပ်သာကို မပို့ဘူးဆိုတဲ့ အပေးအယူနဲ့ ဘာဘူဟာ သူ့ဘဝနေထိုင်ပုံ ပုံစံတချို့ကို ပြောင်းလဲဖို့ ကြိုးစားရပါတော့တယ်။
အဲဒီအပြောင်းအလဲတွေထဲမှာ ကွယ်လွန်သူ ဇနီး Chandrika ထံ အချစ်စာလွှာ ရေးတာမျိုး၊ ဆရာဝန်တဦးဆီမှာ နေ့စဉ် ကျန်းမာရေး စစ်ဆေးနေတဲ့ကိစ္စကို ရပ်ဆိုင်းတာမျိုး၊ နဲ့ သားဖြစ်သူ Amol နဲ့အတူ သွားလေ့ရှိတဲ့ St. Sebastian ခရစ်ယာန် ဘုရားကျောင်းကို တယောက်တည်း သွားခိုင်းတာမျိုး လုပ်ခိုင်းခဲ့ပါတယ်။
ဖခင်ကြီး Dattatraya က တကယ်ရည်ရွယ်တဲ့ အကြောင်းပြချက်က ဘာများဖြစ်မလဲဆိုတာ သိနိုင်ဖို့ ဒီဇာတ်လမ်းကို ဆက်လက် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
“ဟင်ဒီစကားပြော ရုပ်ရှင်လို့ ပြောလိုက်ရင် အကခန်းတွေ အများကြီးပါတယ်” လို့ ဆိုနိုင်ပေမယ့် ဒီရုပ်ရှင်မှာတော့ ပါဝင်တဲ့ သီချင်းကအစ ဇာတ်လမ်းကို ထောက်ပံ့ပေးသွားနိုင်ပါတယ်။ ဖခင်တယောက်ရဲ့ မေတ္တာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာဖြစ်ပြီး ဘဝမှာ အချိန်ရှိတုန်း အမှားတွေကို ပြင်ဆင်ကြဖို့ သင်ခန်းစာ ပေးထားတဲ့ ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ IMDB Rating (10/7.6) ရရှိထားတဲ့ ရုပ်ရှင်တကား ဖြစ်ပါတယ်။