တချိန်က ပရိသတ်များ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် ငယ်ငယ်က ယခုအခါမှာ သမီးတဦးရဲ့ မိခင်ဖြစ်နေပြီး ခင်ပွန်းဖြစ်သူနဲ့ အတူ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်လှစ်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ငယ်က ငယ်ငယ်ကတည်းက ဟင်းချက်တာ ဝါသနာပါတယ်။သူငယ်ချင်းတွေဆို ငယ့်အိမ်မှာ စားအိမ်၊ သောက်အိမ်။ ငယ့် လက်ရာကို အရမ်းကြိုက်ကြတယ်။ ငယ့်အမျိုးသားကလည်း ထမင်း၊ဟင်းချက်တယ်။ တောက်လျှောက် စားသောက်ဆိုင် ဖွင့်ခဲ့တာဆိုတော့ နှစ်ယောက်အတူ အိုးမကွာ အိမ်မကွာ လုပ်နိုင်မယ့် အလုပ်ကို စဉ်းစားကြတော့ နှစ်ယောက်စလုံးလည်း ဝါသနာပါတဲ့အတွက်ကြောင့် အစားအသောက်အလုပ်ကိုပဲ လုပ်ဖြစ်ကြတာပါ”လို့ အဆိုတော် ငယ်ငယ်က ဧရာဝတီကို ပြောပါတယ်။
စားသောက်ဆိုင် နာမည်ကို “BBNN Food” လို့ အမည်ပေးထားပြီး အဓိပ္ပာယ်ကတော့ ငယ်ငယ်ရဲ့ အမျိုးသား နာမည် ကိုဘိုဘိုနာမည် အတိုကောက်နဲ့ ငယ်ငယ်ရဲ့နာမည် အတိုကောက်ကို ပေးဖြစ်တာလို့ သိရပါတယ်။ ဒီဆိုင်မှာ အရှေ့တိုင်း အစားစာ၊ အနောက်တိုင်းအစားစာနဲ့ တရုတ်အစားစာမျိုးစုံကို ရောင်းချပေးနေတယ်လို့ ငယ်ငယ်က ဆိုပါတယ်။
စားသောက်ဆိုင်လုပ်ငန်းကို အဓိကလုပ်ကိုင်နေရတဲ့အတွက် ဂီတဘက်ကို မလုပ်ဖြစ်တော့တာလို့လည်း ငယ်ငယ်က ပြောပါတယ်။ “အလုပ်တဖက်၊ ကလေးတယောက်နဲ့လည်း တော်တော်လေးကို မအားပါဘူး။ အဲဒါကြောင့်သီချင်းတွေ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အချောသတ်ပြီးသား သီချင်းတွေရှိပါတယ်။ ပရိုဂျူဆာလည်း ရှိပါတယ်။ ကိုယ်လုပ်နိုင်တဲ့ တချိန်တော့ သီချင်းတွေ ပြန်လုပ်မှာပါ” လို့ ငယ်ငယ်က ဆိုပါတယ်။
ဒါအပြင့် ငယ်ငယ်က တလောက သမီးငယ်လေးကိုမွေးဖွားခဲ့ပြီး ငယ်ငယ်တို့ရဲ့ သမီးလေးက မွေးရာပါ အစာမြိုမချနိုင်တာကြောင့် နှာခေါင်းကနေပိုက်နဲ့ အစာ အဟာရတွေ သွင်းပြီး ထည့်ပေးနေရတဲ့အတွက်လည်း ငယ်ငယ်တို့ ဇနီးမောင်နှံက တခြားမိဘတွေထက် ပိုပြီးဂရုစိုက်နေရတယ်လို့လည်း ဆိုပါတယ်။
“အရမ်း ဂရုစိုက်ရပါတယ်။ တခြား ဘာအလုပ်ကိုမှ သေချာမလုပ်နိုင်ဘူးပေါ့နော်။ Nurse ငှားဖို့ ကျတော့လည်း သူတို့က ဒီလိုကလေးမျိုးကို မကိုင်ဖူးဘူး၊ မကြည့်ဖူးဘူးဆိုတော့ သူများနဲ့လည်း စိတ်မချလို့ ငယ်ကိုယ်တိုင်ပဲ ကြည့်တယ်။ ကိုယ်တိုင်ပဲလုပ်တယ်” လို့ ငယ်ငယ်ကဆိုပါတယ်။
ဆက်လက်ပြီး “သူ့ကို လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ အချိန်မျိုးတွေလည်း ကြုံခဲ့ရတယ်။ သူ့အခြေအနေက တက်လိုက်၊ ကျလိုက်နဲ့။ ခုကျမှ သူ့ဟာသူလည်း အသက်ရှုနိုင်ပြီ၊ အိမ်လည်းပြန်လို့ရပြီဆိုတော့ သူ့ကိုပိုးလေး မွေးသလို မွေးရတာပေါ့နော်။ အစာမြိုမချနိုင်တဲ့ဟာကိုကျတော့ လေ့ကျင့်ခန်းတွေ လုပ်ပေးရတယ်။ ပါးစပ်လေးတွေကို နှိပ်ပေးရတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ပေးတယ်ပေါ့နော်”
“အခြေအနေကတော့ သူ့အပေါ်မှာပဲ မူတည်တယ်။ သူကြိုးစားရင် ကြိုးစားသလောက်ကောင်းလာမယ်။ အကယ်၍ တော်တော်လေးကြာတဲ့အထိ သူအစာ မြိုမချနိုင်သေးဘူးဆိုရင်တော့ ငယ်တို့က ဗိုက်ကနေ ဖောက်ပြီးတော့ ပိုက်နဲ့ အစာတခါထဲထည့်တဲ့ နည်းလမ်းကိုရွေးရမှာဖြစ်ပါတယ်”လို့လည်း ငယ်ငယ်က သမီးလေးရဲ့ အခြေအနေကို ရှင်းပြပါတယ်။
ငယ်ငယ်က ကိုယ်ဝန်စဆောင်ချိန်ကတည်းက စိတ်အရမ်းပူတတ်တဲ့သူ ဖြစ်တဲ့အတွက် အမြဲစောင့်ကြည့် စစ်ဆေးမှုတွေကိုလည်း အများကြီးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“အသက် ၃၅ နှစ်ကျော်မှ သားဦးလေးမွေးတယ်ဆိုရင် ဆိုးကျိုးတွေများတတ်တယ်ဆိုလို့ ကိုယ်က သေချာစစ်ဆေး စောင့် ကြည့်တာတွေ လုပ်ခဲ့တယ်ဆိုတော့ ဒီလိုဖြစ်သွားလိမ့်မယ်လို့တောင် မထင်ဘူး။ သူကအခြေအနေ ကောင်းတယ်။ ကလေး ကထွားလည်း အရမ်းထွားတယ်။ ဉာဏ်ရည် ဉာဏ်ရည်သွေးလည်း အရမ်းကောင်းတယ် ဆိုတော့ ကိုယ်ထင်ထားတဲ့ဟာနဲ့ ဝင်မလာဘဲ ဇောက်ထိုးမိုးပျံ ဖြစ်သွားတယ်”
“ဒါပေမယ့် ငယ်တို့နှစ်ယောက်က သူ့စိတ်ကို ငယ်ကအားပေး ၊ငယ့်စိတ်ကို သူကအားပေးနဲ့ပဲ ခုချိန်မှာတော့ မကျန်းမာသေးတဲ့ ကလေးလေးနဲ့ပေါ့လေ။ အခုချိန်ထိလည်း စိတ်ကဒီလိုပါပဲ။ တနေ့ကောင်းချင်ေ ကာင်းမယ်။ တနေ့ မကောင်းချင် မကောင်းဘူး။ အဲဒီလိုနဲ့ပဲ ငယ်တို့ကြိုးစားပြီး ဖြတ်သန်းနေကြပါတယ်”လို့ ငယ်ငယ်က ဆိုပါတယ်။
အဆိုတော် ငယ်ငယ်က တချိန်က စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သီချင်းများတွဲဖက်သီဆိုရင်း ပရိသတ်လက်ခံ အားပေးခြင်း ခံခဲ့ရတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ အိမ်ထောင်ပြုပြီး ဂီတနဲ့ အဆက်သွယ် ပြတ်နေတဲ့ အဆိုတော် တဦးလည်း ဖြစ်ပါတယ်။