မင်းသမီး Scarlett Johansson ဟာ လိင်ပြောင်းရာဇဝတ်သား တဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီးတဲ့နောက် အဲဒီလို သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကနေ နုတ်ထွက်လိုက်တဲ့ အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ အမေရိကန် မီဒီယာတခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ပြောကြားခဲ့ပါတယ်။
မင်းသမီး Scarlett ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ် ပြည့်လွန်နှစ်တွေမှာ နာမည်ကျော်ကြားခဲ့တဲ့ ရာဇဝတ်သား ဖြစ်လာမယ့် အလှပြင်ဆိုင် ဗန်းပြပြီး အနှိပ်ခန်းဖွင့်ထားခဲ့တဲ့ Dante “Tex” Gill အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးမယ့် “Rub and Tug” မှာ ပါဝင်ဖို့ ရွေးချယ်ခံထားရတာပါ။
“Dante Tex Gill အဖြစ် ကျမ သရုပ်ဆောင်မှာနဲ့ ပတ်သက်လို့ မကြာသေးခင်က ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေ မေးလာကြလို့ အဲဒီပရောဂျက်ကနေ ကျမရဲ့ ပါဝင်မှုကို တလေးတစားနဲ့ ရုပ်သိမ်းဖို့ ဆုံးဖြတ် လိုက်ပါတယ်။ လိင်ပြောင်းလဲထားတဲ့ လူတွေအပေါ် ကျမတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုက အကျယ်တပြန့် ဆက်ရှိ နေပြီးတော့ ကျမ ပါဝင်သရုပ်ဆောင်ဖို့နဲ့ ပတ်သက်လို့ ကျမရဲ့ ပထမဆုံး ကြေညာချက်ထုတ်လိုက်ချိန်ကတည်းက အဲဒီ အသိုက်အဝန်းကနေ ကျမ တော်တော်များများ သင်ယူလိုက်မိပြီး အဲဒါဟာ အကဲဆတ်တဲ့ ကိစ္စဖြစ်တယ် ဆိုတာ သဘောပေါက် လိုက်ပါတယ်” လို့ မင်းသမီး စကားလက်ဂျိုဟန်ဆန်က Out မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
မင်းသမီး Scarlett ပါဝင်သရုပ်ဆောင်မယ်လို့ ကြေညာလိုက်ချိန်တုန်းက မင်းသမီးနဲ့ ရိုက်ကူးရေး အဖွဲ့ဟာ အခုလိုမျိုး အခွင့်အလမ်း တရပ်ကို လိင်ပြောင်း ပုဂ္ဂိလ်အသိုင်းအဝန်းမှ တခြားပုဂ္ဂိုလ်တဦး ပေးအပ်ခဲ့ခြင်း မရှိခဲ့တဲ့ အတွက် လိင်ပြောင်း မင်းသမီးတွေ ဖြစ်တဲ့ Trace Lysette နဲ့ Jamie Clayton တို့က ဦးဆောင်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
မင်းသမီးရဲ့ ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခဲ့တာ မရှိသေးပေမယ့် Jeffrey Tambor, Jared Leto နဲ့ Felicity Huffman တို့ဟာ လည်း လိင်ပြောင်းဇာတ်ရုပ်တွေကို အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ထောက်ပြထားတဲ့ ကြေညာချက်တခုကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။
မင်းသမီးက ပြီးခဲ့တဲ့နှစ်မှာ LGBTQ ဇာတ်ကောင် ပါဝင်မှုနှုန်း ၄ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အဓိက စတူဒီယိုကြီးတွေရဲ့ ရုပ်ရှင်တွေမှာ လိင်ပြောင်းဇာတ်ကောင် ပါဝင်ခဲ့ခြင်း မရှိတဲ့အကြောင်း Gay နဲ့ Lesbian အသရေဖျက်မှု တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကိုလည်း ကိုးကား ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး မင်းသမီး နုတ်ထွက်လိုက်တဲ့ ကိစ္စကြောင့် “Rub and Tug” ရုပ်ရှင် ထုတ်လုပ်ရေး အချိန်ဇယားအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိသိရသေးပါဘူး။ အွန်လိုင်းပေါ်က လိင်ပြောင်းပုဂ္ဂိုလ်အ သိုင်းအဝန်းကတော့ မင်းသမီးဘက်ကနေ ထောက်ခံရပ်ပေးပေမယ့် တန်းတူညီမျှ မှုရှိရေးဟာ ညှိနှိုင်းလို့ ရတဲ့အကြောင်း အလေးပေး ပြောကြားထား ကြပါတယ်။
Ref: asiaone