လတ်တလော လူအများ စိတ်ဝင်စားနေတဲ့ သရုပ်ဆောင် သီဟတင်စိုးရဲ့ “အိမ်အကူကို အဓမ္မ ပြုကျင့်ကြံတယ်” ဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရရှိထားတဲ့ အချက်အလက်များကို စုစည်းပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံကို စာတင်ထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်ပဲခူးကို မသွားပါဘူး။ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက သွားခဲ့တာပါ။ ကျနေ်ာတို့ အမှုမှန်တိုင်း ဖြစ်ဖို့အတွက် ကျနေ်ာတို့ ဒီဖြစ်စဉ်နဲ့ အလားတူ ဖြစ်စဉ်တွေ အဲ့တာတွေကို ရှာဖွေတွေ့ရှိ ထားပါတယ်။ ရရှိထားတဲ့ သတင်း အချက်အလက်တွေကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားပါတယ်။ ထပ်မံရရှိတဲ့ သတင်းတွေလည်း ကျနော်ဆီ ပို့လာပါတယ်” လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းကလည်း ပဲခူးမှာ၊ သာကေတမှာ၊ ကမာရွတ်မှာ၊ တာမွေမှာ ငွေကြေးတောင်းဆိုတယ်။ ငွေကြေး တောင်းဆိုတာကို လျော်ပေးတဲ့သူတွေ ရှိတယ်။ အဲ့အချက်အလက်တွေကို ကျနေ်ာတို့ ရရှိထားတယ်။ ရရှိထားတာတွေကို ရဲတပ်ဖွဲ့ကို သတင်းပို့ပါတယ်။ အဲ့ဖြစ်စဉ်တွေကိုလည်း တင်ပြထားပါတယ်။ အမျိုးသား တော်တော်များများ ငွေကြေးလျော်ခဲ့ရတာ တွေရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေကိုလည်း အကြောင်းကြားပြီးသား ဖြစ်ပါတယ်။ အကြောင်းထားတာကိုလည်း ဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါတယ်” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။
“ကျနော်တို့ ပြည်ထဲရေးဝန်ကြီးကိုလည်း စာတင်ထားပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဆီလည်း စာတင် ထားပါတယ်။ ကျနော်တို့ သဘောထားကတော့ ဖြစ်စဉ်အမှန်တိုင်း ဖြစ်ဖို့ပါ။ ဘယ်သူ့ဘက်ကမှလည်း မဟုတ်ပါဘူး။ မဟုတ်ဘဲနဲ့ လူတဦးရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေဖို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ တာဝန် ရှိပါတယ်။ အဲ့အတွက် သက်ဆိုင်ရာတွေကိုလည်း စာတင်ထားပါတယ်။ တင်ထားတာကလည်း တဖက်စောင်းနင်း လုပ်ဖို့ မဟုတ်ပါဘူး။ အမှုမှန်တိုင်းဘဲ ဆောင်ရွက်ပေးနိုင်ဖို့ပါ’’လို့ ဦးဇင်ဝိုင်းမှ ဧရာဝတီကို ဖြေကြားပါတယ်။
အမှုဖြစ်နေချိန်အထိ တိုင်ကြားခံရသူ သရုပ်ဆောင် သီဟတင်စိုးဟာ သူ့ရဲ့ဇနီး ဖြစ်သူ ဇင်မာဦးနဲ့ စကားများကာ အိမ်က ထွက်ခွာသွားခဲ့တယ်လို့ သိရပြီးအခုချိန်ထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။ အဲဒီ အပေါ်ကိုလည်း ဦးဇင်ဝိုင်းက အခုလိုပြောပါတယ်။ “အခုချိန်ထိ သူ့ကို မတွေ့ရသေးတာတော့ ဘာမှမပြောလိုပါဘူး။ အဲဒါကတော့ ရဲကိစ္စ ဖြစ်တဲ့အတွက် ပြောလိုခြင်း ဆန္ဒလည်း မရှိပါဘူး”လို့ ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – “အဲဒီအမျိုးသမီးက ကျနော်အိမ်မှာလည်း အိမ်အကူ လာလုပ်ဖူးတယ်” လို့ ဆိုလိုက်တဲ့ နေဆန်း
စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေဆဲ သရုပ်ဆောင် သီဟတင်စိုးရဲ့ အမှု
အိမ်အကူကို အဓမ္မပြုကျင့်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သရုပ်ဆောင် သီဟတင်စိုး