လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရုပ်ဆောင် သီဟတင်စိုးမှ အိမ်အကူအပေါ် အဓမ္မပြုကျင့်မှုကို တိုင်ကြားခံရတာနဲ့ ပတ်သက်ပြီး ယောက်ဖ တော်စပ်သူ သရုပ်ဆောင် လူမင်းက အမှုမှန် မပေါ်ပေါက်ခင်မှာ ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာ လူတွေတဖြည်းဖြည်း သိလာပါပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဒီကိစ္စက တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ မဖြစ်နိုင်ဘူးဆိုတာလည်း လူတွေ တဖြည်းဖြည်း သိလာပါပြီ။ ဒီမနက်ဆိုရင် ကိုသီဟ အသံဖိုင်လည်း တက်လာပြီ ဖြစ်တဲ့အတွက် သူကိုယ်တိုင်လည်း အပေါင်းအသင်းတွေ မိတ်ဆွေတွေကိုလည်း စိတ်မပူကြဖို့ ပြောထားပါတယ်။ ကျနော်ထင်ပါတယ်။ အချက်အလက်တွေလည်း သေချာ စုဆောင်းရင်း တဖက်က ရုပ်လုံးလည်း ပေါ်လာဖို့နဲ့ အချိန်တခုကိုစောင့်နေတယ်လို့ပဲ ကျနော်ထင်ပါတယ်” လို့ သရုပ်ဆောင် လူမင်းက ဧရာဝတီကို ပြောပါတယ်။
“ကိုသီဟ ကိုယ်တိုင် မရှင်းသေးတာက ဥပဒေက အားနည်းတဲ့ အမျိုးသမီးတွေဘက်က စောင်းပေးပြီး ကာကွယ်ထားတယ် ဆိုပေမယ့် အခုလို ကိစ္စမျိုးပေါ့။ မဟုတ်ခဲ့ဘူးဆိုရင် ကာယကံရှင်မှာ ဘယ်လောက်ထိ နစ်နာမလဲပေါ့။ မဟုတ်ဘဲနဲ့ တချို့ ရင်းနိုင်တဲ့သူတွေ ရှိတယ်လေ။ အခုလို ဖြစ်စဉ်မျိုးပေါ့။ မဟုတ်ဘဲနဲ့ တမင်ကြီး အရှက်ခွဲဖို့ မိသားစုပြိုကွဲဖို့ ရင်းပြီး လုပ်သွားရင် ပိုက်ဆံပေးပြီးခိုင်းရင် ဘယ်လိုလုပ်မလဲ” လို့ လူမင်းက ဧရာဝတီကို ဆိုပါတယ်။
ဆက်လက်ပြီး “ယောကျာ်းဖြစ်တဲ့ သူက အချုပ်ထဲကို တန်းဝင်ပြိး အချုပ်ထဲကနေမှ ရုံးချိန်း ထွက်ရှင်းရတယ် ဆိုတဲ့ ဥပဒေကြီးကလည်း အငြင်းပွားဖွယ်ရာ ဥပဒေကြီးပဲ။ ကျော်ကြားတဲ့သူတွေ နာမည်ကြီတဲ့ သူတွေ ဂုဏ်သရေရှိတဲ့ သူတွေကို နောက်ကွယ်ကနေ အရှက်ခွဲချင်လို့ပဲဖြစ်ဖြစ်၊ ခိုင်းတိုင်းသာ ချက်ချင်း အချုပ်ထဲထည့်မယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါ တရားဥပဒေကြီးရဲ့အားနည်းချက်လို့ပဲ မြင်ပါတယ်” လို့ လူမင်းက ဆိုပါတယ်။
သီဟတင်စိုးရဲ့ ညီမဖြစ်သူ ခင်စံပယ်ဦးနဲ့ လူမင်းက အိမ်ထောင်ကျတာဖြစ်တဲ့အတွက် သီဟတင်စိုးနဲ့ ယောက်ဖ တော်စပ်ပြီး အမှုမှန် မပေါ်ပေါက်ခင် အချိန်တုန်းက အစ်ကိုဖြစ်သူအတွက် ညီမဖြစ်သူက မအိပ်နိုင်၊ မစားနိုင် ဖြစ်နေတယ်လို့လည်း လူမင်းက ဆိုပါတယ်။ ဒါအပြင့် ယောက်ဖဖြစ်သူအပေါ် လူမင်းက သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။
“ကိုသီဟက ဒီလိုလူမျိုး မဟုတ်ပါဘူး။ ဒီမိန်းမကြီး ဖြေတာ ကြည့်လိုက်ကတည်းကလည်း မရိုးသားဘူးဆိုတာ ထင်ရှားနေပါတယ်။ ကျနော်တို့က သူ့ညီမနဲ့ အိမ်ထောင် မကျခင်ကတည်းက ကားတွေ တွဲရိုက်ခဲ့ဘူးပါတယ်။ စံပယ်ကတော့ အစ်ကို အကြီးဆုံးနဲ့ ညီမ အငယ်ဆုံးဆိုတော့ တယောက်ကို တယောက် ချစ်မှာပေါ့။ ဒီလို ဖြစ်တဲ့အခါ မအိပ်နိုင်၊ မစားနိုင်ပါပဲ။ လိုအပ်တာတွေလည်း လိုက်လုပ်ပေးနေပါတယ်” လို့ လူမင်းက ပြောပါတယ်။
“ကိုသီဟနဲ့ တိုက်ရိုက် အဆက်အသွယ် မရှိပေမယ့် ကျနော့် အမျိုးသမီးနဲ့ မဇင်မာဦးနဲ့ ကိုသီဟသားလေးနဲ့တော့ အဲဒီဖြစ်စဉ် ဖြစ်ပြီး နောက်တရက်မှာ စပြီး အဆက်အသွယ် ရှိနေပါတယ်။ ကျနော်တို့ဘက်ကလည်း ကူညီလို့ရတာတွေကိုကူညီပေးနေပါတယ်”လို့ လူမင်းက ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် သီဟတင်စိုးကို တိုင်ကြားထာသူ အိမ်အကူ မခင်မာမြင့်(ခ)ခင်မာညိုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လိမ်လည်တိုင်ကြားသူအဖြစ် ယနေ့၊ ဇူလိုင်လ ၁၈ ရက်နေ၊့နေ့လည်ပိုင်းက ဖော်ထုတ်ကြေညာခဲ့ပြီး အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – “ကျနော်တို့ လေးစားတဲ့ သူကိုထိတာ ခေါင်ထိရင် အကုန်ထိတယ်လို့ ခံစားရတယ်”
“လူတဦးရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေဖို့ ရုပ်ရှင် အစည်းအရုံးမှာ တာဝန်ရှိတယ်” ဆိုတဲ့ ဇင်ဝိုင်း