ကချင်မော်ဒယ် ဂျေနော်က Modelling ပိုင်းကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မော်ဒယ်တဦး ဖြစ်တဲ့အပြင် ဖက်ရှင်ပိုင်းမှာလည်း လွတ်လပ် ပွင့်လင်းစွာ ဝတ်ဆင်တာတွေ့ရပြီး ဂျေနော်ကတော့ ကိုယ်ပိုင်စတိုင်နဲ့သာ ဝတ်စားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“နောလေးက ဖက်ရှင်နဲ့ ပတ်သက်ရင် ကိုယ်ကြိုက်တာ ကိုယ်ဝတ်တယ်။ သူများ လွှမ်းမိုးခံရတာ နောက မကြိုက်ဘူး။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင်တော့ သူများက ထိန်းကွပ်ပြီးတော့ ဟိုဟာ ဝတ်ရမယ်၊ ဒီဟာ ဝတ်ရမယ်လို့ Suggestion (အကြံဉာဏ်) ပေးတာမျိုး နော မကြိုက်ဘူး”လို့ ဂျေနော်က ဆိုပါတယ်။
ဂျေနော်ကလက်ရှိမှာ အောင်မြင်မှု ရရှိထားတဲ့ မော်ဒယ်တဦးဖြစ်တဲ့အပြင့် ဒီအလုပ်ကို မိဘက ခွင့်မပြုပေမယ့် ကိုယ်တိုင် ဝါသနာပါတဲ့အတွက် အောင်မြင်အောင် ကြိုးစားရပ်တည်ခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။
“နောလေးက Modelling ပိုင်းကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ Modelling ကို သေချာဂရုစိုက်ပြီးတော့ ရပ်တည်ဖြစ်တာကလည်း နောလေးက ဒီအလုပ်ကို စီးပွားရေးတခုအနေနဲ့ ရပ်တည်နေတာ မဟုတ်ဘူး။ ဝါသနာပါနေတဲ့အတွက် ဝါသနာအရင်းခံပြီး လုပ်နေတာပေါ့နော်။ ကိုယ်တိုင်ကလည်း မော်ဒယ်ကိုပဲ အားသာတယ်။ ဒါကိုပဲ လုပ်ချင်တယ်။ မိဘက အမှန်တကယ် ခွင့်မပြုဘူး။ မကြိုက်ဘူးပေါ့နော်။ မိဘ စီးပွားရေးကိုပဲ သူတို့က လုပ်စေချင်တယ်” လို့ ဂျေနော်က ဧရာဝတီကို ပြောပါတယ်။
“ပြီးတော့ အသက်အရွယ် အပိုင်းအခြားတခု ရောက်လာပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ အိမ်က နောလေးကို Business Woman (စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး) တယောက်ပဲ ဖြစ်စေချင်တယ်”လို့ ဂျေနော်က ဆိုပါတယ်။
ပြီးခဲ့တဲ့လက ဆိုင်ဖွင့်ပွဲတခုမှာ ဂျေနော် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကြောင့် လူမှုကွန်ရက် စာမျက်နှာများမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ဆိုပါတယ်။
“အဲဒီ မြန်မာဝတ်စုံက နောလေးကို ဒီဇိုင်နာဆင်တာ။ သူက မျက်နှာဖုံးတခု ရိုက်ဖို့အတွက် ချုပ်ထားပေးတာ။ အဲဒီဂျာနယ် မျက်နှာဖုံးက ထွက်မလာခင် နောလေးက ဖွင့်ပွဲတခုကို အဲဒီဝတ်စုံဝတ်ပြီး တက်ခဲ့တယ်။ သက်သက်မဲ့ ဝတ်ချင်လို့လည်း ဝတ်သွားတာလည်း ပါတာပေါ့နော်။ အဲဒီအင်္ကျီ ပုံစံကို ကြိုက်တယ်။ ဒါပေမယ့် အောက်က ချိတ်ထမီလေး ဖြစ်သွားတာတော့ပေါ့”
“တကယ်က အပေါ်က ပုံစံနဲ့ဆို အောက်က အနောက်တိုင်းဆန်ဆန် ဖက်ရှင်နဲ့မှ ပိုကောင်းမှာပေါ့နော်။ နောလေးကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝိုင်းပြီး အကြံပေးကြတာပေါ့။ နောလေးနဲ့က Cute (ချစ်စရာ ကောင်းတဲ့) ဖက်ရှင်တွေ မလိုက်ဘူး။ ဂါဝန်ကားကားတွေ၊ ပန်းပွင့်တွေနဲ့ မိန်းကလေး အရမ်းဆန်ရင် မလိုက်ဘူး။ ယောက်ကျားဆန်ပြီး နည်းနည်း Strong ဖြစ်တဲ့ ဖက်ရှင်ဆိုရင် ပိုလိုက်တယ်”လို့ ဂျေနော်က ပြောပါတယ်။
ဂျေနော်ရဲ့ ဖက်ရှင် အများစုက လွတ်လပ် ပွင့်လင်းမှုဘက်ကို ပိုရောက်နေတယ်လို့ ပရိသတ်တချို့ကဆိုပြီး ဂျေနော်ရဲ့ ဖက်ရှင်တချို့မှာ အထဲက ဘရာစီယာ မဝတ်ဘဲ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဂျေနော်က အခုလိုပဲ ဧရာဝတီကို ဆိုပါတယ်။
“နောလေးက Bra ဝတ်ရတာ မကြိုက်ဘူး။ ငယ်ငယ်ကတည်းကပဲ မကြိုက်တာ။ တခုရှိတာကလည်း နောလေးမှာ နှလုံးရောဂါ ရှိတယ်။ နောလေးရဲ့ ဆရာဝန်ကလည်း မှာထားတယ်။ ဖြစ်နိုင်ရင် အတွင်းက ကျပ်ကျပ်တွေ ဝတ်တာ ရှောင်ပါတဲ့။ နောလေးက ခဏ ခဏ အမောဖောက်တတ်တယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင်ပေါ့။ ပြီးတော့ နောလေးကလည်း အပျိုဖော်ဝင် အရွယ်ကတည်းက Bra ဝတ်ရတာ မကြိုက်ဘူး။ ကျပ်ကျပ် ဝတ်ရတာ မကြိုက်ဘူး။ လွတ်လွတ်လပ်လပ် နေရတာကြိုက်တယ်”လို့ ဂျေနော်က ဖြေပါတယ်။
“မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဒါကသိပ်မသင့်တော်ဘူး။ ဒါပေမယ့် နောလေးက နေရာတကာ ချည်းတော့ မဟုတ်ပါဘူး။ ဘုရား၊ ကျောင်းကန် သွားတဲ့အချိန်၊ အလှုသွားတဲ့အချိန် ကျတော့လည်း လုံလုံခြုံခြုံနဲ့ ဝတ်ဆင်ပြီး သွားတာပေါ့။ အိမ်မှာနေတဲ့ အချိန်တို့၊ ပွဲတက်တဲ့ အချိနိတို့၊ Free style ဝတ်တဲ့ အချိန်တို့၊ အသက်ရှုကြပ်ပြီး ကျန်းမာရေးအတွက် မဝတ်ဖို့ လိုတဲ့အချိန်တို့ ဆိုရင်တော့ နောလေးက ပုံမှန်အားဖြင့် Bra မဝတ်တာ များတယ်”လို့ ဂျေနော်က ဆိုပါတယ်။
ပွဲတက်ဝတ်စုံများကိုလည်း ကိုယ့်စိတ်ကြိုက်သာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ မော်ဒယ် ဂျေနော်ရဲ့ ပွဲတက် ဖက်ရှင်များကလည်း ပရိသတ်များကြား အမြဲလိုလို ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “၂၀၁၈ တနှစ်ပတ်လုံး စစ်ဘေးရှောင်စခန်းတွေကို လှုဒါန်းသွားမယ့်” ကချင်မော်ဒယ် ဂျေနော်