မကြာခင်သေးခင်က သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ပွဲဆူစေခဲ့တဲ့ ပွဲတက်ဝတ်စုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သားသမီးနဲ့ မိဘဆက်ဆံရေး သဘောမျိုးနဲ့ ခေါ်ယူပြီး စကား ပြောဆိုမယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အနုပညာရှင်တွေ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အများကြီး ပြောစရာ မရှိပါဘူး။ ခေါ်ယူအသိပေး ဆုံးမတာ မိဘက သားသမီးကို ဆုံးမသလိုပါပဲ။ ကျနေ်ာတို့ ရုပ်ရှင်အစည်းအရုံးက အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ NGO အဖွဲ့အစည်းပါ။ အဲ့လောက်ပဲ ပြောစရာ ရှိပါတယ်။ ကျနော်တို့အနေနဲ့ သူတပါးရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လို့မရပါဘူး” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ အဲ့ဒီဝတ်စုံက မြန်မာနိုင်ငံ အနုပညာရှင်များရဲ့ ပွဲတက်ဝတ်စုံတွေကြားမှာ ထူးထူးခြားခြား စိတ်ဝင်စား အခံရဆုံးဝတ်စုံလည်း ဖြစ်ခဲ့တာပါ။
ဒီလိုဝတ်စားဆင်ယင်မှု အပိုင်းနဲ့ ပတ်သက်လို့ အများရဲ့ ဝေဖန်ခြင်းနဲ့ ထောက်ခံခြင်း အများအပြား ရရှိခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကလည်း မီဒီယာများနဲ့ အင်တာဗျူး အဖြေမှာ အခုလိုဖြစ်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ နောက်ပိုင်းမှာ ဝတ်ဆင်မှုအပိုင်းကို ဆင်ခြင်ပြီး ဝတ်ဆင်ပါမယ်လို့ ဆိုခဲ့ပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲက မင်းသမီး တဦးဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း သူရဲ့ ခန္ဓာကိုယ်အလှ ပေါ်လွင်တဲ့ ဝတ်စုံများနဲ့ ရေကူးဝတ်စုံများကို ဝတ်ဆင်ပြီး Facebook ပေါ် တင်လေ့ရှိတဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်