ပရိသတ် အချစ်တော် မင်းသားတဦးဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်ကတော့ မကြာခင်အချိန်မှာ သူ့ရဲ့ ရင်သွေးလေးကို မွေးဖွားတော့မှာ ဖြစ်ပြီး မမွေးခင် အချိန်အတွင်းမှာ အနုပညာအလုပ်များကြောင့် အလုပ်တဖက်နဲ့ အမျိုးသမီးဖြစ်သူကို သိပ်အချိန်မပေးနိုင်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သားလေးက နောက်လဆိုရင် မွေးပြီ။ သိပ်တောင် အချိန်မပေးဖြစ်ဘူး။ အလုပ်ကလည်း တဖက်ဖြစ်နေတော့ အချိန်မပေးဖြစ်ဘူး။ သားလေးအတွက် မျှော်မှန်းချက်ရယ်လို့ မရှိပါဘူး။ ကျနော်တို့က မမွေးခင်ကတည်းက ချစ်ဖို့စောင့်နေတာ။ မွေးပြီးရင် သူဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ အဲဒါကိုပဲပံ့ပိုးပေးဖို့ရှိတာပါ” လို့ မြင့်မြတ်က ပြောပါတယ်။
မြင့်မြတ်ရဲ့ ပထမဆုံးရင်သွေးလေးကတော့ သားယောင်္ကျားလေးအဖြစ် နောက်လထဲမှာမွေးဖွားမှာ ဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမှုများကြောင့် အမျိုးသမီးကို ဂရုမစိုက်နိုင်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ လတ်တလောမှာတော့ မြင့်မြတ်က “အချစ်ဆုံး Crush” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သင်ဇာဝင့်ကျော်၊ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူ ရိုက်ကူးလျက် ရှိပါတယ်။
မြင့်မြတ်က ယခုလတ်တလောမှာ ဝိတ်ချနေတယ်လို့လည်း သိရပါတယ်။ ဝိတ်ချတာနဲ့ ပတ်သက်ပြီး “ပိန်သွားတာက ပင်ပန်းတာလည်း ပါတယ်။ ကျနော်က ဗိုက်ရှိတော့ ဝိတ်ချနေတာလည်း ပါတယ်။ ဘီယာဗိုက်ပေါ့။ မနည်း စုဆောင်းထားရတာ” လို့ မြင့်မြတ်က ဆိုပါတယ်။
မြင့်မြတ်ကတော့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတဲ့ ပရိသတ်ရဲ့အချစ်တော် အကယ်ဒမီ မင်းသား တဦး ဖြစ်ပါတယ်။
ုမြင့်မြတ် သရုပ်ဆောင်ထားတဲ့ “ဘော်ဘော်ကထှော်” နဲ့ “ငဒူ” စတဲ့ ရုပ်ရှင်ဇာတ်ကားများကလည်း ရုံတင်ထားပြီး အဲဒီဇာတ်ကားတွေမှာ မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်များက သဘောကျနေကြပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “သားလေး မွေးမှာဖြစ်လို့ ကျနော်အတွက် အဖော်ကောင်းကောင်း ရပြီ” ဆိုတဲ့ မြင့်မြတ်