ကလေးသရုပ်ဆောင်ကနေ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သူ သရုပ်ဆောင် ယွန်းယွန်းက ဆယ်ကျော်သက် ပုံစံနဲ့ ဇာတ်ရုပ်တွေကိုပဲ ဆက်လက် ရိုက်ကူးဖြစ်နေဦးမယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“သမီးအရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်တွေ ရွေးချယ် သရုပ်ဆောင်နေပါတယ်။ ကြော်ငြာတွေ၊ အလှဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း ပရိသတ်နဲ့ အဆက်မပြတ်အောင် ရိုက်ဖြစ်နေပါတယ်။ ကာရိုက်တာကြီးကို အရမ်း လုပ်ယူပြီးတော့ သရုပ်မဆောင်ချင်ဘူး။ လုပ်ယူရမယ်ဆိုရင်လည်း သမီးနဲ့ လိုက်ဖက်မယ့် ဆယ်ကျော်သက် ပုံစံလေးတွေပဲ ရိုက်ချင်တယ်” လို့ ယွန်းယွန်းက ဧရာဝတီကို ဆိုပါတယ်။
ကလေး သရုပ်ဆောင် ယွန်းယွန်းလို့ ပရိသတ်များက လက်ခံခဲ့ကြတဲ့အတွက် လူကြီးတယောက်အနေနဲ့ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းတဲ့အခါ ကြုံ့တွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ယွန်းယွန်းက အခုလို ပြောပါတယ်။
“ကလေး သရုပ်ဆောင် ယွန်းယွန်းဆိုတဲ့ စိတ်ကို ပရိသတ်အမြင်မှာ ပျောက်စေချင်နေတာတော့ မဟုတ်ပါဘူး။ ကလေး သရုပ်ဆောင်လို့ မြင်လည်း ရတယ်။ ယွန်းယွန်းလို့ မြင်လည်း ရတယ်။ ဒါပေမယ့် သမီးက အတင်း လုပ်မယူချင်ဘူး။ သမီးကို ဒီအတိုင်းလေး ချစ်ပေးနေရင်ပဲ ကျေနပ်တယ်။ သမီးဘာလို့ မရိုက်သေးတာလဲဆိုတော့ ပညာရေးကို ဆုံးခန်းတိုင်အောင် လုပ်ချင်တာလည်း ပါတယ်။ ဒါကြောင့် အရမ်း အရှိန်အဟုန်ကြီးနဲ့ မလုပ်ဖြစ်သေးတာပါ”လို့ ယွန်းယွန်းက ဆိုပါတယ်။
ယွန်းယွန်းက ဆက်လက်ပြီး “အခုချိန်မှာ သမီးကို မင်းသမီးလုပ်လို့ ရပြီလို့ မြင်တဲ့သူလည်း ရှိတယ်။ တချို့ကတော့ အရွယ်နည်းနည်း လိုသေးတယ်လို့ ထင်တဲ့သူတွေရှိတယ်။ တချို့ကျတော့ အသက်အရွယ်တွေ၊ ဘာတွေ မစဉ်းစားဘူး။ လူကိုကြည့်ပြီး ရိုက်လို့ ရပြီပေါ့။ တချို့ကကျတော့ ၁၈ နှစ်ဆိုတာ ငယ်ပါသေးတယ်ပေါ့။ ဒီ့ထက်နည်းနည်း ရင့်ကျက်ဖို့လိုတယ်လို့ အကြံပေးတဲ့ သူတွေရှိတယ်”
“ဒီတော့ သမီးကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေတယ်။ ဘာလုပ်ရမှန်း မသိဘူး။ သေချာတာကတော့ မင်းသမီး လိုကားကြီး၊အိမ်ထောင်ရေးဇာတ်ကားမျိုးတွေ သမီးရိုက်ဖြစ်ဦးမှာ မဟုတ်ဘူး။ ဇာတ်ကားရိုက်ဖြစ်မယ် ဆိုရင်တောင် ဆယ်ကျော်သက် ကာရိုက်တာနဲ့ ပတ်သက်တဲ့ကားမျိုးပဲ လက်ခံ ရိုက်ကူးဖြစ်မှာပါ”လို့ ယွန်းယွန်းက ပြောပါတယ်။
ဇာတ်လမ်းတွဲ ရိုက်ရတာလည်း သဘောကျတဲ့ ယွန်းယွန်းက “မနေ့ကဖြစ်သည်”ဆိုတဲ့ ဇာတ်လမ်းတွဲလည်း ရိုက်ထားသလို ဟာသဇာတ်လမ်းတွေလည်း ရိုက်ထားတယ်လို့ ဆိုပါတယ်။ ယွန်းယွန်းက ဇာတ်လမ်း ပုံစံ မထပ်ချင်တာကြောင့်လည်း စဉ်းစားရွေးချယ် ရိုက်ကူးနေဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သမီးရိုက်တာကလည်း ပုံစံက စုံသွားပြီ။ ဒါပေမယ့် အိမ်ထောင်သည် ဇာတ်ရုပ်လည်း ကြိုးတော့ ကြိုးစား ကြည့်ချင်တာပေါ့နော်။ သမီးက မလုပ်ဖူးတာဆို အကုန်လုပ်ကြည့်ချင်တယ်။ဒါပေမယ့် မလိုက်ဖက်မှာကိုတော့ ကြောက်တယ်။ ရိုက်နေရရင်ပြီးရော ဆိုတာမျိုးလည်း သမီးက မရိုက်ချင်ဘူး။ ပရိသတ်လည်း အဆင်ပြေမယ့် ဟာမျိုးကို စဉ်းစားရတဲ့အခါကျတော့ သမီးမရိုက်ဖြစ်တော့ဘူး”လို့လည်း အိမ်ထောင်ရေးဇာတ် မရိုက်ဖူးသေးတဲ့အကြောင်း ယွန်းယွန်းက ပြောပါတယ်။
ဒီလထဲမှာပဲ ယွန်းယွန်းက ဒီဇိုင်နာဖြိုးကိုရဲ့ Wedding Show မှာ အဝါရောင် Evening Gown နဲ့ ပါဝင် လျှောက်လှမ်းခဲ့ပြီး “ဒီဝတ်စုံကို တနေ့ အဖြူရောင်လေးဝတ်မယ်”လို့ တင်ခဲ့တဲ့ ယွန်းယွန်းရဲ့ ပို့စ်နဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။
“Show က Professional model လည်းမဟုတ်တဲ့အတွက် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဆို လျှောက်ဖြစ်တယ်။ ဒီဇိုင်နာ ဖြိုးကိုက သမီးရဲ့ပင်တိုင် ဒီဇိုင်နာလို့လည်း ဖြစ်နေလို့ပါ။ တချို့ကပြောကြတယ်လေ။ ဒီဝတ်စုံလေးက အဖြူရောင်ဆိုရင် သိပ်လှမှာပဲလို့။ အဲဒီမှာ သမီးလည်း စိတ်ပါသွားတာ။ ဒါကလေ Wedding မှ မဟုတ်ပါဘူး။ Birthday လည်းဖြစ်နိုင်တယ်လေ။ အချစ်ရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု မရှိသေးတာကတော့ မပြောတတ်ဘူးရှင့်။ အချိန် မတန်သေးလို့ ထင်ပါတယ်။ ချစ်သူဆိုတာက လည်း သမီးဆီလည်း ရောက်မလာသေးလို့ မထားဖြစ်သေးပါဘူး”လို့ ဆိုပါတယ်။
ယွန်းယွန်းက လက်ရှိ ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာ ဒုတိယနှစ်မှာ တက်ရောက် ပညာသင်ယူနေသလို ပြင်ပ ပညာရပ်အနေနဲ့ Business Management သင်တန်းကို တက်ရောက်နေပါတယ်။
“သမီးက အခု ကျောင်းသားဘဝကို ပိုပျော် နေတယ်။သူငယ်ချင်းတွေနဲ့ ကျောင်းတက်တယ်။ သင်တန်းလေးတွေ တက်တယ်။ အားတဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့ အနုပညာလုပ်တယ်။ အဲဒီလိုမျိုး ဘဝလေးကို ပိုပျော်နေတယ်” လို့ ယွန်းယွန်းက ဧရာဝတီကို ဆိုပါတယ်။