Entertainment

ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက်ကားကို သရဲကား ရိုက်မယ့် ဇင်ဇင်ဇော်မြင့်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ CKKP Film Production မှ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို သရဲကားရိုက်ကူးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ပထမဆုံးပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပရိသတ်ဆီက ပြန်လည်ကြားရတဲ့ စကားသံများက ရှေ့ဆက်လုပ်မယ့်အရာများအတွက် အားဖြစ်စေတဲ့အတွက် ထပ်မံ ရိုက်ကူး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

“ဒီကားလေးအတွက် ကြားရတဲ့စကားတွေက မေလေးအတွက် အားတွေပါ။ ရှေ့ဆက်ပြီးတော့ အများကြီး လုပ်သွားဖို့ ရှိတယ်။ နောက်ကားကလည်း သရဲကား ရိုက်သွားဖို့ရှိတယ်။ တခုပြီးတခုကို အနုပညာတွေလုပ်ဖို့ ခွန်အားက ပရိသတ်ပေးတဲ့ အားတွေပဲ ရှိပါတယ်။ ပရိသတ်က မေလေးကို အားပေးနေသရွေ့ ဆက်လုပ်သွားဖို့ ယုံကြည်မှုလည်း ရှိတယ်၊ အားတွေလည်းရှိတယ်။ သရဲကားရိုက်မယ်ပဲ ရှိသေးတယ်။ Meeting မထိုင်ရသေးဘူး။ ဒုတိယကားကလည်း ထူးခြားမှာပါ”လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

အနုပညာလောကမှာ အချိန်ကာလတခုအထိ ပျောက်ကွယ်သွားပြီး နောက်မှာတော့ ကိုယ်ပိုင် ထုတ်လုပ်ရေးနဲ့ အတူ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်လာခဲ့တဲ့ ဇင်ဇင်ဇော်မြင့်ကတော့ ယခုလက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေတဲ့ သား၂ယောက်မိခင်လည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ဇင်ဇင်ဇော်မြင်တို့ ဇနီးမောင်နှံ

“ကိုယ်ပိုင်အချိန်ကို မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့ ရတနာဆိုင်လည်း ဖွင့်ထားသေးတယ်။ အနုပညာက တဖက်၊ မိသားစုက တဖက်ဆိုတော့ ကိုယ်ပိုင် အချိန်ဆိုတာကို မရှိတော့ဘူး။ ဒါပေမယ့် ကျေနပ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန် တွေကို ကိုယ့်ရဲ့ အနုပညာနဲ့ ပရိသတ်ကြီးကို ဖျော်ဖြေရတာဆိုတော့လေ။ ဒါကို ကျေကျေနပ်နပ်နဲ့ လက်ခံပါတယ်”လို့ ဇင်ဇင်ဇော်မြင့်က ဆိုပါတယ်။

ဇင်ဇင်ဇော်မြင့်ကတော့ CKKP Film Production နှင့် Zz Gems & Jewellery ဆိုတဲ့ စီးပွားရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ သားလေး ၂ယောက်ရဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ဝါသနာအကြောင်းကိုလည်း ဇင်ဇင်ဇော်မြင့်က အခုလို ပြောပြထားပါတယ်။

“သား၂ယောက်က အိုင်တင်တွေဘာတွေတော့ လုပ်တတ်တယ်။ ကြော်ငြာတွေဘာတွေလည်း ရိုက်တယ်။ မေလေးလိုတော့ အရမ်းကြီးဝါသနာမပါဘူးပေါ့။ အဓိကကတော့ အရမ်းကြီးတော့ မကန့်ကွက်ပါဘူး။ ပညာရေး ကိုတော့ ဆုံးခန်းတိုင်စေချင်ပါတယ်။ ပြီးတော့မှ ဝါသနာပါတာကို လျှောက်လှမ်းပေါ့။ အစ်မတို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ” လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

သူမရဲ့ထုတ်လုပ်ရေးမှ ပိုမိုကောင်းမွန်တဲ့ ဇာတ်ကားကောင်းတွေကိုလည်း ထပ်မံပြီး ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဇင်ဇင်ဇော်မြင့်ကိုတော့ ပရိသတ်များက မျက်ဝန်းပြာပြာလေးနဲ့ အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတယောက်အဖြစ် ပရိသတ်များက ချစ်ခင်ခဲ့ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading