Entertainment

"ဒီည Myanmar Idol မှာ Pantene Wild Card နဲ့ ဇော်ကြီးကို ပြန်ခေါ်စေချင်တယ်"

Myanmar Idol Season 3 ရဲ့ တပတ်ချင်း ယှဉ်ပြိုင်မှုအလိုက် ထွက်ခွာသွားရသူများထဲမှ ယနေ့ည ဇူလိုင်လ ၂၆ ရက်နေ့ ညမှာတော့ ပရိသတ်ရဲ့ မဲပေး ရွေးချယ်မှုနဲ့အတူ Pantene Wild Card ကို အသုံးပြုကာ ပြိုင်ပွဲဝင်တဦး ပြန်လည်ခေါ်ယူခွင့်ရှိမှာဖြစ်ပြီး ခေါ်ယူမယ့်သူထဲမှာ ဇော်ကြီးကို ခေါ်စေချင်ကြောင်း Myanmar Idol Season 2 မှ ပြိုင်ပွဲဝင် ရဲနောင်က ပြောပါတယ်။

“ကျနော့်ရဲ့ ဆရာတူ တပည့် ဇော်ကြီးကို ပြန်ခေါ်ချင်ပါတယ်။ ဇော်ကြီးက မအူပင်မှာ နေကတည်းက တော်တယ်။ အနေအေးတယ်။ စကား မပြောတတ်ဘူး။ စကား နည်းတယ်။ အဲဒီအတွက် ဒီပြိုင်ပွဲ ကာလမှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုက နည်းတယ်လို့တော့ ထင်တယ်။ ပြိုင်ပွဲပြီးရင်တော့ သူ့ရဲ့ပညာ အရည်အချင်းနဲ့တော့ ပရိသတ် လက်ခံလာမှာပါ” လို့ ရဲနောင်က ပြောပါတယ်။

ရဲနောင်ဟာလည်း Myanmar Idol Season 2 ကို ယှဉ်ပြိုင်ခဲ့စဉ်က ဝေဖန်မှုများစွာ ခံခဲ့ရသူတဦး ဖြစ်ပြီး ယခု Season 3 မှာ ပြိုင်ပွဲဝင်များ ဝေဖန်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြထားပါတယ်။

“အန်ကယ်က ကျနော်တုန်းကလည်း အကောင်းဆုံးဝေဖန်ခဲ့တယ်။ ကျနော် လက်ခံတယ်။ အခု Season 3 မှာလည်း တခုခု လိုအပ်ချက်ရှိလို့ ဝေဖန်တယ်လို့ မြင်ပါတယ်။ ကျနော့်တုန်းကလည်း လိုအပ်ချက်ရှိလို့ ဝေဖန်တယ်လို့ပဲ မှတ်ယူထားတဲ့အတွက် ဘယ်လိုမှ မခံစားရပါဘူး” လို့ ရဲနောင်က ပြောပါတယ်။

သူကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ် သီချင်းများကို သီဆိုကာ ပြိုင်ပွဲများစွာကို ယှဉ်ပြိုင်လာခဲ့ပြီး Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာတော့ ဝေဖန်မှုများနဲ့အတူ လူအများက သိရှိလာခဲ့တဲ့ အဆိုတော် တယောက် ဖြစ်လာပါတယ်။

လက်ရှိမှာလည်း သူ့အနေနဲ့ တကိုယ်တော်အခွေ ထွက်ရှိနိုင်ရန် ပြင်ဆင်နေပြီး နောက်ထပ် ၂ လ အကြာမှာ အခွေထွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော် နောက်၂ လလောက် ကျရင် အခွေထွက်တော့မှာပါ။ ကျနော်အဲဒါတွေကို နည်းနည်း ရုန်းနေပါတယ်။ အခွေလေးကတော့ “ချာလီ” လို့ပေးတယ်။ ကျနော်ကိုယ်တိုင် ရေးထားတာက ၈ ပုဒ် ပါမယ်။ တခြားသူတွေ ရေးထားတာလည်း ပါပါမယ်” လို့ ရဲနောင်က ပြောပါတယ်။

တကိုယ်တော်အခွေ ထွက်နိုင်ဖို့အတွက် အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရပြီး တယောက်တည်း ကြိုးစား ရုန်းကန်နေရတဲ့အတွက် ကြာသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

Loading