“Charlie’s Angels” ရုပ်ရှင်ကို လာမယ့်နှစ်မှာ တတိယမြောက် ရုပ်ရှင်အဖြစ် ရုံတင်ပြသတော့မှာ ဖြစ်ပြီး ဒီတကြိမ်မှာတော့ အမျိုးသမီး ဒါရိုက်တာက ရိုက်ကူးမယ့်အပြင် မင်းသမီး Kristen Stewart က ဦးဆောင်ပါဝင်လာမှာ ဖြစ်ပါတယ်။
“Twilight” ရုပ်ရှင်မင်းသမီး Stewart ဟာ တက်သစ်စ ဗြိတိသျှမင်းသမီးတွေဖြစ်တဲ့ Naomi Scott နဲ့ Ella Balinska တို့နဲ့အတူ ဒါရိုက်တာ Elizabeth Banks ရိုက်ကူးမယ့် ၁၉၇၀ ပြည့်လွန် နှစ်တွေတုန်းက နာမည်ကျော်ကြားခဲ့တဲ့ မှုခင်း ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်တွေ အဖြစ် ပါဝင်လာကြမှာ ဖြစ်တယ်လို့ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ပြောဆို ထားပါတယ်။
အမျိုးသမီးဒါရိုက်တာ Banks က “ကျမအတွက်တော့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင်ပြသခဲ့ချိန်က စလို့ Charlie’s Angels ရုပ်ရှင်ဟာ စွမ်းအားအပြည့်ရှိတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုမယ့် မူရင်းရုပ်ရှင် တကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ခေတ်သစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အိန်ဂျယ်တွေရဲ့ ခေတ်တခုကို မိတ်ဆက်ပေးမယ့် အေဂျင်စီနဲ့ Charles Townsend ရဲ့ အမွေအနှစ်ကို ဂုဏ်ပြုမှာလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“Pitch Perfect 2” ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Banks ဟာ ပူးတွဲထုတ်လုပ်သူ၊ ပူးတွဲ စာရေးဆရာ အဖြစ် ပါဝင်မယ့် အပြင် မူရင်းရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်နှစ်ခုတို့မှာ အမျိုးသား တဦးက ပါဝင်ခဲ့တဲ့ Bosley ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင် သရုပ်ဆောင်ဦးမှာလည်း ဖြစ်ပါတယ်။
“Charlie’s Angels” ရုပ်ရှင်အသစ်ကတော့ ကုန်ကျစရိတ်မြင့်မားပြီး လူမျိုးရေး ခွဲခြားမှု မရှိဘဲ အမျိုးသမီး ဒါရိုက်တာတွေ ရိုက်ကူးလာကြတဲ့ ဟောလိဝုဒ်က ရေစီးကြောင်းတခုကို အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။
မင်းသမီးတဦးဖြစ်တဲ့ Scott ကတော့ အိန္ဒိယလူမျိုးဖြစ်ပြီး Balinska ကတော့ သွေးနှောတဦး ဖြစ်ပါတယ်။ “Charlie’s Angels” ဇာတ်လမ်းတွဲကို အမေရိကန် ရုပ်သံလိုင်းတွေမှာ ၁၉၇၆ ခုနှစ်မှာ စတင်ပြသခဲ့ပြီး သရုပ်ဆောင်တွေ အဖြစ် Farrah Fawcett, Kate Jackson နဲ့ Jaclyn Smith တို့က တခါမှ မမြင်ဖူးတဲ့ သူဌေး Charlie Townsend ရဲ့ ပုဂ္ဂလိက ထောက်လှမ်းရေးမှူးတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။
၂၀၀၀ ပြည့်နှစ်မှာတော့ မင်းသမီးတွေဖြစ်တဲ့ Lucy Liu, Cameron Diaz နဲ့ Drew Barrymore တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ “Charlie’s Angels: Full Throttle” ဆိုတဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကိုလည်း ဆက်လက်ရိုက်ကူးခဲ့ပါတယ်။
အခုရုပ်ရှင်အသစ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိဖို့ ခန့်မှန်းထားပေမယ့် အခုအထိတော့ ရုပ်ရှင်နာမည်နဲ့ ဇာတ်လမ်းအကြောင်းအရာ အသေးစိတ်ကိုတော့ ကြေညာတာ မရှိသေးပါဘူး။
Ref:Reuters