ဆရာဝန်တဦးလည်းဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန် တဦးအဖြစ် တာဝန်ထမ်းဆောင် ရတော့မှာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အနုပညာမှာလည်း ထူးချွန်တဲ့ မင်းသမီးတယောက်ဖြစ်သလို ဆေးပညာမှာလည်း ပါရမီထူးချွန်တဲ့သူတဦး ဖြစ်ပါတယ်။
”ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်း အလုပ်မလုပ်ဖြစ်ပေမယ့် ဆေးကျောင်းတောက်လျှောက် စာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးနဲ့ အနုပညာသမား ဘဝမှာ အားပေးပေးကြတဲ့ ပရိတ်သတ်တွေရဲ့ ကျေးဇူးကို မှန်ကန်တဲ့ ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေပေးပြီး ဆပ်ပါမယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“ကျန်းမာရေးသံတမန်တဦးအနေနဲ့ ခန့်အပ်ခံရတော့ ပျော်ပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ လူကြီးတွေဘက်ကလည်း ဒီလိုကိုယ့်အပေါ်ယုံကြည်ပြီး ခန့်အပ်ခဲ့တယ်တယ်ဆိုတော့လည်း အတိုင်းမသိ ဝမ်းသာပါတယ်ရှင်။ ဘာတွေလုပ်ဆောင်သွားမလဲဆိုရင် ကျန်းမာရေးပညာပေးနဲ့ ပတ်သက်တာတွေ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်မှုတွေပေါ့နော်။ ဒါတွေလုပ်သွား ဖို့ရှိပါတယ်။ အဓိကကတော့ လူကြီးတွေဘက်က ကမ်းလှမ်းလာသမျှ ကျန်းမာရေးနဲ့ ပတ်သက်တာဆိုရင် အားလုံးကို အချိန်ညှိပြီး တက်နိုင်သလောက် လုပ်ဆောင်ပေးသွားမှာပါ” လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ပြောပါတယ်။
ဒီလိုခန့်အပ်ခြင်း ခံရတဲ့အတွက် အနုပညာအလုပ်နဲ့ ပရိသတ်ကို အကျိုးပြုမယ့် အရာတွေကို တတ်စွမ်းသလောက် လုပ်ဆောင်သွားမယ်လို့ ဆိုပြီး အနုပညာဘက်ကိုတော့ ခါတိုင်းလိုပဲ ရိုက်ကူးရေးမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ပိုင်ဖြိုးသုက ဆေးတက္ကသိုလ် ကျောင်းသူဘဝကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်လာပြီး ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးခဲ့သူတဦးပါ။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက်အသွယ် ပြတ်နေခဲ့ပါတယ်။
ကျောင်းပြီးသွားချိန်မှာ အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတဦးအဖြစ် သရုပ်ဆောင် အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီး တော်တော် များများလည်း ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် “ဘီလူးမ၊ သရဲမနှင့် မိန်းမပျို” ရုပ်ရှင် ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ ရရှိခဲ့ပါသေးတယ်။ မကြာခင်မှာလည်း ကျန်းမာရေးပညာပေး ဇာတ်ကားများ ရိုက်ကူးထားပြီး ထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။