ကိုရီးယား အနုပညာလောကရဲ့ ထိတ်ထိတ်ကြဲ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ မင်းသမီး Song Hye Kyo (ဆောင်းဟေဂို) နဲ့ မင်းသား Park Bo Gum (ပတ်ဘိုဂွန်း) တို့ ပါဝင်မယ့် ဒရာမာအသစ်ကို လာမယ့် နိုဝင်ဘာလမှာ စတင် ပြသသွားမယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့မှာ မင်းသား Park နဲ့ မင်းသမီး Song တို့ပါဝင်ကြမယ့် “Boyfriend” လို့အမည်ရတဲ့ ဒရာမာ အသစ်ရဲ့ ထုတ်လုပ်သူတွေက အဆိုပါ ဇာတ်လမ်းတွဲ ထုတ်လွှင့်မယ့် ရုပ်သံလိုင်းနဲ့ ပြသမယ့်အချိန်ဇယားကို တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒရာမာ ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အတွင်းသတင်းတခုကတော့ အဲဒီဇာတ်လမ်းတွဲကို tvN ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပြသဖို့ အတည်ပြုထားတဲ့အကြောင်းနဲ့ လာမယ့် နိုဝင်ဘာလမှာ စတင်ပြသဖို့ စီစဉ်ထားတဲ့အကြောင်း ပြောကြားထားပါတယ်။
“Boyfriend” ဇာတ်လမ်းတွဲဟာ ချမ်းသာတဲ့သူဌေးကြီးတဦးရဲ့ ဇနီးဟောင်း၊ အာဏာကြီးမားတဲ့ နိုင်ငံရေးသမား တဦးရဲ့ သမီး Cha Soo Hyun (Song Hye Kyo) နဲ့ သေးသေးမွှားမွှား ကိစ္စလေးတွေမှာတော့ ပျော်ရွှင်အောင် ဘယ်လိုနေထိုင် ရမယ်ဆို ရှာဖွေတတ်တဲ့ သာမန် လက်လုပ်လက်စား လူငယ်လေး Kim Jin Hyuk (Park Bo Gum) တို့ကြားက အချစ် ဇာတ်လမ်း တပုဒ်ကို ပုံဖော်မှာလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦး ရုတ်တရက် ဆုံစည်း လိုက်ပြီးတဲ့နောက် နှစ်ဦးသားရဲ့ ဘဝမှာ အခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပေါ်လာခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
ဒရာမာထုတ်လုပ်သူတွေရဲ့ အဆိုအရ “Boyfriend” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် သူတွေအားလုံးကို နောက်ဆုံး အဆင့်ရွေးချယ်ပြီးပြီဆိုတာနဲ့ ရိုက်ကူးရေးကို မကြာခင် စတင်တော့မှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။
မင်းသမီး Song ဟာ ၂၀၁၆ ခုနှစ်မှာ နာမည်ကျော်ကြားခဲ့တဲ့ “Descendants of the Sun” ဇာတ်လမ်းတွဲ နောက်ပိုင်း ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ မင်းသား Song Joong Ki နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။
မင်းသား Park ကတော့ ၂၀၁၆ ခုနှစ်မှာ “Love in the Moonlight” ဆိုတဲ့ ဒရမ်မာကို နောက်ဆုံး ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီဒရာမာကို “What’s Wrong With Secretary Kim,” “She Was Pretty” နဲ့ “Master’s Sun” တို့လိုမျိုး နာမည်ကျော် ဇာတ်လမ်းတွဲတွေကို ဖန်တီးခဲ့တဲ့ Bon Factory က ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Ref:soompi