Entertainment

“တောသူအလှ စာဖွဲ့ပြတာပါ သီချင်းက ကိုယ်နဲ့ ကံစပ်လို့ ပေါက်ခဲ့တာပါ”

မနောနဲ့ စုံတွဲတေး သီဆိုထားတဲ့ “မြို့သားနဲ့ တောသူ”သီချင်းအပါအဝင် အဲဒီတေးစီးရီးထဲက သီချင်းတော်တော်များများ ပေါက်ခဲ့တဲ့ အဆိုတော်သွန်းက ၆ ခွေမြောက် တကိုယ်တော်တေးစီးရီး ထပ်မံထွက်ရှိတော့မှာ ဖြစ်ပါတယ်။

“အခွေကတော့ လုပ်နေတာပေါ့နော်။ ဒါပေမယ့် တခွေ၊ တခွေ လုပ်ဖို့ မလွယ်ဘူးလေ။ အခု မြို့သားနဲ့ တောသူ တေးစီးရီး အပြီးမှာ နောက်တခွေက အချိန်တနှစ်ခွဲလောက် ကြာသွားပြီ။ အတီး၊ အဆို၊ အသံသွင်းပိုင်းတွေ ကြာတာ ရှိတယ်။ ရိုက်ကူးရေးပိုင်း ကြာတာရှိတယ်။ ဒါပေမယ့် အခုတော့ ၈ လပိုင်း ပထမပတ်မှာ ပရိသတ်လက်ထဲ အရောက်ပို့နိုင်တော့မှာပါ” လို့ သွန်းက ဧရာဝတီကို ပြောပါတယ်။

“အချစ်နန်းတော်” လို့ နာမည်ပေးထားတဲ့ သွန်းရဲ့တေးစီးရီးကို CD,VCD တပြိုင်တည်း ထွက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီတေးစီးရီးမှာလည်း “မြို့သားနဲ့ တောသူ”သီချင်း ရေးပေးတဲ့ တေးရေး သဟာအောင်က အများဆုံး ရေးပေးထားပြီး သဟာအောင် ကိုယ်တိုင် သွန်းနဲ့ စုံတွဲ သီဆိုထားတဲ့ သီချင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စုံတွဲအဆိုအနေနဲ့ သဟာအောင်အပြင် ဟဲလေးနဲ့လည်း တပုဒ်သီဆိုထားတယ်လို့ သိရပါတယ်။

စီးရီး ခေါင်းစဉ်ဖြစ်တဲ့ “အချစ်နန်းတော်”သီချင်းနဲ့ ပတ်သက်ပြီးလည်း သွန်းက ခုလိုပြောပြပါတယ်။

“အချစ်အကြောင်းကို တေးရေး သဟာအောင်က ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရေးပေး ထားတာပါ။ အချစ်ကို နန်းတော်ကြီးတခုလို တင်စားထားတဲ့ အဓိပ္ပာယ်ပေါ့။ ဒီသီချင်းကို သူနဲ့ပဲ တွဲဆိုထားပါတယ်”လို့ ဆိုပါတယ်။

ဟဲလေးနဲ့ တွဲဆိုထားတဲ့ “လူပျိုကြီးနဲ့ အပျိုသိုးကြီး”သီချင်းကလည်း ဟာသဆန်ဆန်လေး ဖြစ်တာကြောင့် ခင်လှိုင်၊ တက္ကသိုလ် ဂွမ်းပုံတို့နဲ့ ရိုက်ကူးထားပြီး ပရိသတ်အကြိုက်တွေ့မယ် လို့လည်း ဆိုပါတယ်။

“ကိုယ်က အရင်က ဘယ်သီချင်းပုံစံနဲ့ လိုက်မှန်း မသိ။ ကိုယ့်အသံ ဘယ်လိုကာလာနဲ့ လိုက်မယ်လည်း မသိဘူး။ ပရိသတ်ကို ချပြချင်တာပဲ ရှိတယ်။ ပရိသတ်သတ်မှတ်မှလည်း ကိုယ်က နာမည်ရမှာကိုး။ သီချင်းတွေတော့ အများကြီး ဆိုခဲ့ဖူးတယ်။ ဒါပေမယ့် ဒီအခွေနဲ့မှပဲ ကိုယ်နဲ့ အံဝင်ဂွင်ကျ ဖြစ်သွားခဲ့တာ။ ကိုယ်လုပ်ရင်လည်း ဒီပုံစံနဲ့ နီးစပ်တာမျိုးလေးတွေပဲ လုပ်ရမှာပေါ့။ ဒါကြောင့် ဒီအခွေမှာလည်း ပရိသတ် နှစ်သက်မယ့် ပုံစံလေးကိုပဲ ကိုယ်ကကြိုးစား ဆိုထားတာပါ”လို့ သွန်းက ဧရာဝတီကို ဆိုပါတယ်။

ယခုအထိ “တောသူအလှ စာဖွဲ့ပြတာပါ”ဆိုတဲ့ သီချင်းစာသားတွေနဲ့ ပေါက်နေဆဲ “မြို့သားနဲ့တောသူ” သီချင်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဖို့ အင်အားတွေ ပိုရှိလာဆိုပြီးလည်း သွန်းက ပြောပါတယ်။

“အဲဒီသီချင်းလေးက ပြောရရင် လူကြီး၊ လူငယ် အကုန်ကြိုက်သွားတာပေါ့နော်။ ကလေးတွေကအစ ကြိုက်တဲ့သီချင်း ဖြစ်သွားတယ်။ စုံတွဲဆိုပေးတဲ့ ကိုမနောနဲ့ ကိုယ့်အဆိုလည်း လိုက်ဖက်သွားတယ်။ တေးရေး သဟာအောင်လည်း တော်တယ်။ ကိုယ်နဲ့လည်း ကံစပ်သွားတဲ့အတွက် ဒီသီချင်းလေးက ပေါက်တာလေ။ အားလုံးလည်း ကြိုးစားကြတာပါပဲ။ ပရိသတ်အကြိုက်နဲ့ တထပ်တည်းကျဖို့ ဆိုတာ မလွယ်ဘူးလေ။ ဒီသီချင်းလေး ပေါက်သွားတော့ အရမ်းကျေးဇူးတင်ရပါတယ်” လို့ သွန်းက ဆိုပါတယ်။

Loading