လူငယ်များ စုပေါင်းပြီး ပါဝင်ထားတဲ့ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားကို ဖန်တီး ရိုက်ကူးထားတဲ့ လူငယ်ဒါရိုက်တာ ဉာဏ်ထင်က အဆိုပါ ဇာတ်ကားမှာ သူ့ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
“Dimensions” ရုပ်ရှင်ဇာတ်ကားမှာတော့ လူငယ်သရုပ်ဆောင် အသစ်များဖြစ်ကြတဲ့ ခါရာ၊ မင်းမြတ်စိုးစံ၊ Alice Ong (အဲလစ်အုန်း) ၊ ဂျာဆိုင်းအိန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
အဆဆိုပါ ဇာတ်ကားကို ရန်ကုန်မှာ ဖေဖော်ဝါရီလအတွင်းက ရုံတင်ပြသခဲ့ပြီး မကြာခင် သြဂုတ်လ ၉ ရက်နေ့မှစတင်ကာ စင်ကာပူနိုင်ငံမှာ သွားရောက်ပြသမှာ ဖြစ်ပါတယ်။
“Dimensions” (မျက်နှာပြင်များ) ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ဖန်တီးသူ ဒါရိုက်တာ ဉာဏ်ထင်ကို ဇာတ်ကားရိုက်ကူးစဉ်မှာ သူတွေ့ကြုံခဲ့ရတဲ့ အခက်အခဲများနှင့် ဖန်တီးမှုများအကြောင်း ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ ဒီကားထဲမှာဆိုရင် Location တွေ ကောင်းတာကို တွေ့ရတယ်။ ဘယ်လိုမျိုးပြင်ဆင်ခဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့ သပ်သပ်ရပ်ရပ်လေး လုပ်ချင်တယ်ဆိုတော့ လိုက်ရှာခဲ့ရတာ ၁လခွဲလောက် ကြာတယ်။ ရန်ကုန်မှာ ရှာတယ်။ နေပြည်တော်မှာ ရှာတယ်။ ပြီးတော့ Location တွေ့တော့လည်း အခန်းတွေဘာတွေရဲ့ ဆက်တင်ကို တခန်းလုံး ပြန်ဆင်တာတွေရှိတယ်။ ဆက်တင်တွေ ဘာတွေ ဆင်ဖို့အတွက် အချိန်အများကြီးပေးခဲ့ရတယ်။ ပြီးတော့ ကျနော်တို့ရတဲ့ ဘတ်ဂျက်နဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်။
မေး။ ။ ဒီထဲမှာ သရုပ်ဆောင်တွေကလည်း အသစ်တွေဆိုတော့ သူတို့နဲ့ရော အပေးအယူ တည့်အောင် ဘယ်လိုလုပ်ခဲ့ရလဲ။
ဖြေ။ ။ သရုပ်ဆောင်တွေကို ကျနော်တို့ ရီဟာဇယ် လေ့ကျင့်ကတည်းက ဘယ်လိုပုံစံမျိုးရအောင် ကျနော်ပုံစံမျိုး ရအောင်ရိုက်မလဲဆိုတာကို တကယ့်အပြင်ကအတိုင်း သဘာဝကျအောင်ရိုက်မယ်။ ရုပ်ရှင် မဆန်ချင်ဘူး။ သဘာဝကျ အောင်ရိုက်မယ်ဆိုပြီး ကြိုးစားတယ်။ လေ့ကျင့်တယ်။ ၂လလောက် ယူပြီး လေ့ကျင့်ပြီးမှရိုက်ပါတယ်။ တနှစ်ကျော် ကျော်လောက် အချိန်ယူပြင်ဆင်ပြီး ရိုက်ခဲ့တဲ့ ဇာတ်ကားလေးပါ။
မေး။ ။ ဒီကားအတွက် ဇာတ်ကောင်တွေကိုရော ဘယ်လိုရွေးချယ်ခဲ့လဲ။
ဖြေ။ ။ ခါရာက ဇာတ်ကားရိုက်ချင်တယ်ဆိုတော့ သူနဲ့လိုက်တဲ့ “လကျာ်မင်းညီ” ဆိုတဲ့ ဇာတ်ရုပ်ကို ထည့်ရိုက်တယ်။ နောက်တခုက “ဝေလ” ဆိုတဲ့ ဇာတ်ရုပ်ရှိတယ်။ သူနဲ့လိုက်မယ့် ကာရိုက်တာကို ရွေးတော့ Audition ရွေးတော့ မင်းမြတ်စိုးစံနဲ့လိုက်တယ်။ တခြားကာရိုက်တာတွေကိုလည်း Audition ခေါ်ပြီးရွေးခဲ့ပါတယ်။
မေး။ ။ ဒီကားရိုက်တော့ အားနည်းချက်တွေ ၊ အားသာချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ဒီကားက ကျနော့်ရဲ့ပထမဆုံးကားပါ။ အားနည်းချက်ကတော့ ဘာလဲဆိုရင် ပထမဆုံးကား ဖြစ်တဲ့အတွက် ၂နာရီစာလောက်ရှိတဲ့ကားကြီးတကားကို အတွေ့အကြုံ မရှိသေးတဲ့အတွက် စိုးရိမ်မိတယ်။ အားသာချက်ကဘာလဲဆိုရင် ဒီကားရိုက်ဖို့အတွက် လူစုတဲ့အခါမှာ အရမ်းကြိုးစားတဲ့ လူငယ်တွေ တဖွဲ့လုံးကို ရလိုက်တယ်။ တဖွဲ့လုံးက ဒီကားကောင်းဖို့အတွက်ပဲ ကြိုးစားကြတဲ့ အဖွဲ့တွေ ရလိုက်တဲ့အတွက် အားသာချက်ပါ။
မေး။ ။ ဒီကားထဲက ဘယ်ဇာတ်ဝင်ခန်းက ရိုက်ရတာအခက်အခဲဆုံးဖြစ်မလဲ။
ဖြေ။ ။ ဒီကားရိုက်တော့ အခက်အခဲဆုံးက ၂ခုရှိတယ်။ တခုက ခါရာနဲ့ Alice Ong (အဲလစ်အုန်း) နဲ့ ကားပေါ်မှာ စကားပြောတဲ့ အခန်းပေါ့။ နောက်တခုက ငမိုးရိပ်ရေလှောင်ကန်မှာ သွားရိုက်ရတဲ့ အချိန်မှာ ၂ရက်ပဲ အချိန်ရတယ်။ အဲဒီမှာ တည်းခိုခန်းတွေ ဘာတွေလည်း မရှိဘူး။ ရေလှောင်ကန်ဘေးက ရုံးမှာပဲ အားလုံး အိပ်ရတယ်။ ည ၂နာရီပြီးတယ်။ ၅နာရီလောက်မှာ စရိုက်ရတယ်။ အရမ်းပင်ပန်းတယ်။ အရမ်းခက်ခဲတယ်။ အဲဒီတခုက မှတ်မှတ်ရရပါ။
မေး။ ။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ပညာတွေကို နိုင်ငံခြားမှာသွားပြီး သင်ယူတာနဲ့ ပြည်တွင်းမှာပဲ လေ့လာတာမျိုး အပေါ်မှာ အစ်ကို့ရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ တကယ်တော့ ကျနော့်အမြင်ကတော့ ရုပ်ရှင်ကျောင်း သွားတက်လိုက်တာ ကောင်းတယ်။ သေသေချာချာ ရေရေရာရာ သိသွားတယ်။ ဒါပေမယ့် Film Maker ကောင်းတယောက်ဖြစ်ဖို့ ကျောင်းမတက်မဖြစ်လားဆိုတော့ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းမတက်ဘဲ လေ့လာလို့ရတာတွေ အများကြီး။ ဒီခေတ်က အင်တာနက်ခေတ်ဆိုတော့ အင်တာနက်မှာ သင်လို့ရတာတွေအများကြီးပေါ့။ အဓိကကတော့ ကိုယ်တတ်တဲ့ ရုပ်ရှင်ပညာကို တိုးတက်အောင်ကြိုးစားနေဖို့ပဲ။ ကျောင်းတက်တာ မတက်တာထက် အဓိကက ဒီမှာနေပြီးလည်း ရုပ်ရှင်ပညာကို ကောင်းအောင်ကြိုးစားနေလို့ရတယ်။
မေး။ ။ အခုဆိုရင် မကြာခင်ရက်ပိုင်းအတွင်းမှာ အစ်ကို့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဟာ စင်ကာပူနိုင်ငံမှာ သွားရောက်ပြသခွင့်ရတော့မယ့်အပေါ်မှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ။ ဂုဏ်ယူပါတယ်။ စင်ကာပူမှာရှိတဲ့ မြန်မာပရိသတ်တွေက မြန်မာကားမကြည့်ရတဲ့ ပရိသတ်တွေလည်း ရှိရင်ရှိမှာပေါ့နော်။ သူတို့ဆီကို “Dimensions” (မျက်နှာပြင်များ)ကားလေး ပြခွင့်ရလို့ ဝမ်းသားပါတယ်။ လာကြည့်ကြမယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ ဒီကားအပေါ် ဘယ်လောက်ထိရော မျှော်လင့်ထားလဲ။
ဖြေ။ ။ လာကြည့်ကြပါလို့ပဲ မျှော်လင့်ထားပါတယ်။ စင်ကာပူကလူတွေက အလုပ်များတယ်။ တရက်က သူတို့ှဆီမှာ အမျိုးသားနေ့တရက် ပါတယ်။ ကျန်တဲ့ရက်တွေက သူတို့ အလုပ်များတဲ့ အတွက် အဲဒီတခုတော့ စိုးရိမ်တယ်။ လာကြည့်ကြပါစေလို့ မျှော်လင့်ပါတယ်။
မေး။ ။ “Dimensions” (မျက်နှာပြင်များ) နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာလူငယ်တွေအကောင်းဆုံးကြိုးစားထားတဲ့ ကားလေးတကား ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင် လာကြည့်ကြပါလို့ စင်ကာပူကပရိသတ်တွေကို ဖိတ်ခေါ်ချင်ပါတယ်။ ရန်ကုန်မှာ ရုံတင်တုန်းကလည်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။