"လက်ရှိ မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုပိုင်းကို ပညာပေးချင်တယ်”
အဆိုတော် အောင်သစ် (ပေါ်ပေါ့ပေါ်) ရဲ့”ဖော်ကာချွတ်ကာ မျိုးဖျက်ပိုး” သီချင်းမှာ သရုပ်ဆောင်ထားသော သရုပ်ဆောင်များ ဝတ်ဆင်ပုံစံထားသည်မှာ ဟာသပုံစံ ပေါက်ပေမယ့် ဒီသီချင်းထဲမှာ မိန်းမလျာတွေနဲ့ အမျိုးသမီးတွေကို လှောင်ပြောတယ် ဆိုပြီး လက်ရှိမှာ ဝေဖန်ခံနေရပါတယ်။
ဒီသီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လူရွှင်တော် ကောင်းကျော်က ဒီသီချင်း သရုပ်ဖော် ထားတာဟာ မည်သူ တဦးတယောက်ကိုမှ ရည်ရွယ်ခြင်း မဟုတ်ဘဲ ယနေ့ခေတ်မှာ ဝတ်ဆင်ယင်မှုတွေကို ပညာပေးအဖြစ်သာ ရိုက်ကူးတာ ဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။
“ကျနော်က ဦးပေါလျှံက ကူညီပေးပါဆိုလို့ ဝင်ရောက်ရိုက်ကူးပေးဖြစ်တာပါ။ လက်ရှိ မြန်မာ အမျိုးသမီးလေးတွေ ဝတ်စားဆင်ယင်မှူလေးတွေ ပေါ်နေကြတာလေးကို ပညာပေးချင်တယ်။ ဒါကြောင့် ကျနော်က ဝင်ရောက် ရိုက်ကူးပေးတာပါ။ အခြောက်တွေကို ဝေဖန်တာလည်း မဟုတ်ဘူး။ ဟိုပေါ်ဒီပေါ် ဝတ်နေကြတဲ့ ကလေးမလေးတွေကို ရိုက်ပြချင်တာပါ။ မိန်းမလျာတွေကိုလည်း စော်ကားတာမျိုးလည်း မဟုတ်သလို မြန်မာအမျိုးသမီး အချို့ကိုလည်း စော်ကားတာ မဟုတ်ပါဘူး။ ဒါကို တချို့က နားလည်မှူလွဲနေကြတာပါ။ ဒါကိုလည်း ကျနော် နားလည်ပါတယ်”လို့ လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။
အမျိုးသမီးတွေ အဲဒီလိုဝတ်ပြီး သရုပ်ဆောင်ရာမှာ အဆင်မပြေတဲ့အတွက် ဟာသလူရွှင်တော်များက သရုပ်ဆောင်ထားတာဖြစ်ပြီး အကောင်းအဆိုး ဒွန်တွဲနေတာကြောင့် ဘာမှ မပြောလိုဘူးလို့ ကောင်းကျော်က ဆိုပါတယ်။
“ကျနော်တို့က ကာရိုက်တာအရသာလုပ်ခဲ့ကြတာပါ။ အခြောက်ရယ် ဆိုပြီးတော့တော့ ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်တာမျိုး မဟုတ်ဘူး။ ဖော်အချွတ် ပုံစံတွေကျတော့ အမျိုးသမီးတွေကလည်း သရုပ်ဆောင်လို့ အဆင်မပြေဘူးလေ။ သီချင်းရဲ့ ပုံစံကလည်း အချို့သောမိန်းကလေးတွေ မြန်မာယဉ်ကျေးမှုကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ပေါ်မှာ သရော်ထားတာရော Message ပေးချင်တာလည်း ပါတယ်” လို့ ကောင်းကျော်က ဆိုပါတယ်။
“တချို့က ပြောကြတယ်။ မိန်းမတွေ သရုပ်ဆောင်ရင် ပိုကောင်းတာပေါ့လို့ ပြောကြတယ်။ မိန်းကလေးတွေကျတာ့ ကျနော်တို့လို လူရွှင်တော်တွေ ဝတ်သလို အဆင်မပြေဘူးလေ။ ရိုက်တာကလည်း ဈေးချိုလို နေရာမှာဖြစ်တဲ့ အတွက် မိန်းကလေးတွေအစား ဒါရိုက်တာက ပုံဖော်တဲ့ သဘောပါပဲ။အကောင်းနဲ့ အဆိုးဒွန်တွဲနေတာဖြစ်တဲ့အတွက် ကျနော်တို့ ကတော့ ဒီပေါ်မှာ ဘာမှမပြောလိုပါဘူး”လို့ ကောင်းကျော်က ဆက်ပြောပါတယ်။
ဒီသီချင်းကို ရိုက်ကူးပုံပေါ်ထားသူက ဒါရိုက်တာ ပေါသျှံဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကောင်းကျော်၊ ချာလီ၊ မိုးဝင်း(တော်တီနောင်) နဲ့ အခြားသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။