Entertainment

အခွန်ရှောင် အရှုပ်တော်ပုံကြားမှာ ပျောက်ချင်းမလှ ပျောက်နေတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တယောက်ဖြစ်တဲ့ ဖန်ဘင်းဘင်းဟာ စာချုပ်နှစ်ခ ုချုပ်ဆိုခဲ့တဲ့နေရာမှာ အခွန်ရှောင်ခဲ့တယ် ဆိုပြီး မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံကနေပဲ ထွက်ခွာဖို့ တားမြစ်ခံထားရသလား၊ မီဒီယာတွေနဲ့ပဲ ထိတွေ့ဆက်ဆံနိုင်တာ မရှိသလားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းထုတ်က နိုင်ငံပိုင်မီဒီယာ CCTV မှာ အလုပ်လုပ်ခဲ့တဲ့ ရုပ်သံတင်ဆက်သူဟောင်း တယောက်က တရုတ် အနုပညာလောကမှာ ယင်နဲ့ ယန် စာချုပ်လို့ ခေါ်တဲ့ ကိစ္စတွေရဲ့ ဖြစ်ရပ်မှန် တချို့ကို ဖောက်ချခဲ့ပါတယ်။

သူက ၄ ရက်တာ အလုပ်လုပ်ရမယ့် မင်းသမီးတယောက်ရဲ့ တရုတ်ယန်း ၁၀ သန်းတန် စာချုပ်တခုနဲ့ သီးသန့်ချုပ်ဆိုခဲ့တဲ့ တရုတ်ယန်း သန်း ၅၀ တန် လျှို့ဝှက်စာချုပ်တို့ အကြောင်းကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဖြစ်ပေါ် လာခဲ့တဲ့ သတင်းဂယက်တွေကြောင့် မင်းသမီး ဖန်ဘင်းဘင်းရဲ့ ရုံးကနေ အဲဒီလိုမျိုး အရိပ်အမြွက်ပြောကြားမှုဟာ အသရေဖျက်မှုမြောက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက်တော့ အဆိုပါ အစီအစဉ် တင်ဆက်သူ ဟောင်းက မင်းသမီးကို ပြန်လည် တောင်းပန်ခဲ့ပါတယ်။

တရုတ်သတင်းစာ The Economic Observer ရဲ့ အဆိုအရကတော့ ကျန်းဆုပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဟာ ယင်းနဲ့ယန် စာချုပ်တွေကိစ္စကို စုံစမ်းဖို့ လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ မင်းသမီးရဲ့ အလုပ်သမား တော်တော် များများကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး သူနဲ့ သူ့မောင် Fan Chengcheng တို့ဟာလည်း နိုင်ငံတွင်းကနေ ထွက်ခွာခွင့် ကန့်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

မီဒီယာတွေရဲ့ အဆိုအရ မောင်ဖြစ်သူ Fan Cheng Cheng ဟာ နိုင်ငံရပ်ခြားမှာ ရိုက်ကူးရမယ့် ရုပ်သံအစီအစဉ်တခုရဲ့ ဖိတ်ကြားတာကို ခံခဲ့ရပြီးတဲ့နောက် သူတို့မောင်နှမနှစ်ဦး နိုင်ငံတွင်းကနေ ထွက်ခွာတာကို တားမြစ်ထားတဲ့အကြောင်း သိခဲ့ရတာလို့ သိရပါတယ်။

The Economic Observer ကနေ ထုတ်ပြန်တဲ့ သတင်းကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ နောက်ပိုင်းမှာ ဖယ်ရှား သွားခဲ့ပြီး တရုတ်ပြည်မကြီးမှာရှိတဲ့ မီဒီယာတွေကလည်း အဲဒီသတင်းတွေကို အတည်ပြုဖို့ မင်းသမီးကိုရော သူရဲ့ ဝန်ထမ်းကိုရော ဆက်သွယ်လို့ မရခဲ့ဘူးလို့ Ming Pao Daily News သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်ကုန် ပိုင်းမှာတော့ မင်းသမီးဟာ အဖမ်းခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တရုတ်ဂျာနယ်လစ်နှစ်ဦးဖြစ်တဲ့ Yang Jinlin နဲ့ Luo Changping ရဲ့ အဆိုအရ အဲဒီသတင်းဟာ အမှန်မဟုတ်ဘဲ မင်းသမီးဟာ ပေကျင်းမှာ အဆင်ပြေပြေ ရှိတဲ့အကြောင်း ပြောဆိုလာပါတယ်။

ဖန်ဘင်းဘင်းဟာ အခုလိုမျိုး စာချုပ်ကိစ္စတွေပေါ်လာပြီးတဲ့နောက်ပိုင်း ပရိသတ်ရှေ့မှောက် ထွက်လာခဲ့တာမျိုး မရှိခဲ့ဘဲ သူ့ရဲ့ Weibo အကောင့်ကိုလည်း မသုံးတာ တလလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ် ရှန်ဟိုင်းမှာရှိတဲ့ ဆေးရုံတခုမှာ လူနာတွေနဲ့ တွေ့ဆုံနေတဲ့ မင်းသမီးရဲ့ ဓာတ်ပုံတွေကို အင်တာနက် သုံးစွဲသူတဦးက ဇူလိုင်လ ၁ ရက်နေ့မှာ တင်ခဲ့ ပါတယ်။ 2017 Forbes China Celebrity စာရင်းရဲ့ အဆိုအရ မင်းသမီးဖန် ဟာ တနှစ်ကို တရုတ်ယွမ် သန်း ၃၀၀ ကျော် ရရှိပြီး ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဝင်ငွေအများဆုံး တရုတ်နာမည်ကျော်ကြားသူ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်ရှောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခံရမယ့် တရုတ်မင်းသမီး Fan Bingbing

Ref:asiaone

Loading