ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ မကြာခင်ကျရောက်တော့မယ့် သူ့ရဲ့ အသက် ၆ဝ ပြည့်မွေးနေ့မှာ Raising Malawi ဖောင်ဒေးရှင်းအတွက် လှူဒါန်းမှုတွေကို မြှင့်တင်ဖို့ ရန်ပုံငွေပွဲတခုကို ပြုလုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း သိရပါတယ်။
“Like A Prayer” အဆိုတော် မက်ဒေါနားဟာ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ အသက် ၆၀ တင်းတင်းပြည့်မှာ ဖြစ်ပြီးတော့ အဲဒီနေ့မှာပဲ အာဖရိကတိုက်မှာရှိတဲ့ မာလာဝီနိုင်ငံမှာ ချို့တဲ့တဲ့ ကလေးငယ်တွေကို ကူညီဖို့ ပရဟိတအဖြစ် လှူဒါန်းနိုင်မယ့် ပွဲတခုကို ပရိသတ်များနဲ့အတူ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေရေး ကုမ္ပဏီ Ripple ရဲ့ ပိုင်ရှင်တွေရဲ့ ထောက်ခံမှုနဲ့ ပြုလုပ်ခဲ့တဲ့ အဲဒီ ကမ်ပိန်းအသစ်ကို Facebook က တာဝန်ရှိသူတွေနဲ့အတူ ပြုလုပ်မှာ ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ ကောက်ခံရရှိထားတဲ့ လှူဒါန်းမှု တွေအားလုံးကို လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
မက်ဒေါနားက “ချစ်ဖို့ကောင်းတဲ့ အိမ်တလုံးနဲ့အတူ အားနည်းချို့တဲ့နေတဲ့ ကလေးတွေကို ထောက်ပံ့ဖို့ ကတိကဝတ် ရှိနေပါတယ်။ ကျမ မွေးနေ့အတွက် ဒီလိုလှပတဲ့ နိုင်ငံနဲ့ ကျမတို့ရဲ့ အကူအညီအများဆုံး လိုအပ်နေတဲ့ ကလေးတွေကို ကျမရဲ့ တကမ္ဘာလုံးက မိသားစုနဲ့ ချိတ်ဆက်ပေးဖို့ဆိုတာထက် ပိုကောင်းတဲ့ လက်ဆောင်မရှိဘူးလို့ ထင်ပါတယ်”
“ဒေါ်လာတိုင်းဟာ အစားအသောက်၊ ကျောင်း၊ ကျောင်းဝတ်စုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဆီ တိုက်ရိုက် ရောက်ရှိ မှာပါ။ ကျမရဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့ ထောက်ခံသူတွေက မာလာဝီမှရှိတဲ့ ကလေးတွေရဲ့ ဘဝကို ပြောင်းလဲဖို့နဲ့ သူတို့လေးတွေဟာ ပြုစုပျိုးထောင်ခံရ၊ ကာကွယ်ပေးခံရပြီး အချစ်ခံရတယ်ဆိုတာ သိစေဖို့ အတူတူ ပူးပေါင်းစေချင်ပါတယ်” လို့ AP သတင်းဌာနကို ပေးအပ်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မက်ဒေါနားမှာ ကလေး ၆ ဦးရှိတဲ့အနက် ၄ ဦးဟာ မာလာဝီနိုင်ငံကနေ မွေးစားထားတာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ Raising Malawi ဆိုတဲ့ ကိုယ်ကျိုးမဖက်တဲ့အဖွဲ့တခုကို ထူထောင်ထားချိန်ကစလို့ ပရဟိတလုပ်ငန်းတွေကို အဲဒီမှာ တစိုက်မတ်မတ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မက်ဒေါနားနဲ့ သူ့မိသားစုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကာလတုန်းက သူ့ရဲ့ ၁၂ နှစ်ရွယ် သမီးလေးရဲ့ နာမည်နဲ့ ဖွင့်လှစ်ခဲ့တဲ့ Blantyre ဆိုတဲ့ ဆေးရုံမှာရှိတဲ့ Mercy James စင်တာ တနှစ်ပြည့် အထိမ်းအမှတ် ကျင်းပဖို့ မာလာဝီနိုင်ငံကို ပြန်လာခဲ့ ကြပါသေးတယ်။
အသက် ၆၀ ပြည့်တော့မယ့် မက်ဒေါနားဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဂီတလောကထဲကို ရောက်ရှိခဲ့သူ ဖြစ်ပြီး “Queen of Pop” (ပေါ့ပ်ဘုရင်မ) လို့လည်း တင်စားခံခဲ့ရသူဖြစ်ပါတယ်။
ဂီတလုပ်ငန်းထဲမှာ ဂီတပုံစံနဲ့ သူ့ရဲ့ ပုံစံကို အပြောင်းအလဲတွေ လုပ်ခဲ့အတွက် နာမည်ကြီးခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ အဲဒီဝေဖန်မှုတွေ ရှိခဲ့ပေမယ့် သူနဲ့ရွယ်တူနဲ့ သူ့ထက်ငယ်တဲ့အနုပညာရှင်တွေအပေါ် လွှမ်းမိုးနိုင်မှု ရှိခဲ့ပါတယ်။
“Like A Vrigin” သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ မက်ဒေါနားဟာ အယ်လ်ဘမ် ၁၃ ချပ်ထုတ်ဝေခဲ့ပြီး ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ကာ နယ်လှည့်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
Ref: aceshowbiz