Entertainment

ထိတ်လန့်မှုအပြည့်နဲ့ မြန်မာသရဲကားကြည့်ချင်သူများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်ရုံတင်လာတဲ့ ရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်တွေထဲမှာဆိုရင် ထူးခြားတယ်လို့ ပြောလို့ရတဲ့ အောက်လမ်းနည်း ပညာတွေနဲ့ လူကို ပြုစားတာကို ရိုက်ကူးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)ဆိုတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အကျဉ်းက နောင်နောင်(အလင်းရောင်) နဲ့ သာယာ(ဖွေးဖွေး) တို့က ငယ်ငယ်ကတည်းက တယောက်နဲ့တယောက်ခင်မင်ရင်းနှီးလာတဲ့ သူငယ်ချင်းနှစ်ဦး။ မိဘတွေကလည်း သူတို့နှစ်ဦးလုံးမှာအဖေတွေမရှိတော့ဘဲ အမေတွေနဲ့ နေထိုင်လာခဲ့ရသူတွေပါ။ သာယာတို့က စီးပွားရေးအဆင်ပြေပေမယ့် နောင်နောင်တို့သားအမိကတော့ အဆင်မပြေကြပါဘူး။

နောင်နောင်က အလုပ်မှာ အရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ပြီး သတ်မှတ်ထားတဲ့နှုန်းကို မရောင်းချနိုင်လို့ သူဌေးဖြစ်သူရဲ့ အဆူပူကို ခံနေရပြီး လကုန်ရင် အလုပ်ထုတ်ခံရမယ်လို့ အကြိမ်းခံရပါတော့တယ်။ သာယာကတော့ သတင်းထောက်အမျိုးသမီးတယောက်အဖြစ်လုပ်ကိုင်ပြီး ပွဲတခုမှာ ကိုစိုးမိုး(ကျော်ထက်အောင်) ဆိုတဲ့ စီးပွားရေးသမားတယောက်နဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ပါတယ်။

အလုပ်အဆင်မပြေတဲ့ နောင်နောင်က သူငယ်ချင်းဖြစ်သူ ညီညီရဲ့ အဆွယ်ကောင်းမှုနဲ့ အလုပ်အဆင်ပြေစေဖို့ အောက်လမ်းဆရာကြီးတယောက်ဆီကို ရောက်သွားခဲ့ပါတယ်။ ဆရာကြီးက ထူးထူးခြားခြား အဆောင်လုပ်ပေးမှာဖြစ်ပြီး ဒီအတွက်လိုအပ်တဲ့ ပစ္စည်းတွေက ကိုယ်တိုင်ယူဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီပစ္စည်းတွေကတော့ သေပြီးသားကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ သန္ဓေသားနဲ့ အဲဒီအမျိုးသမီးရဲ့ မေးစေ့အောက်က အသားကို ယူလာခိုင်းခဲ့တာ ဖြစ်ပါတယ်။

နောင်နောင်က ရင်ခွဲရုံမှာအရဲစွန့်ပြီး သန္ဓေသားနဲ့ အမျိုးသမီးအလောင်းကိုခွဲထုတ်လာခဲ့ပြီး ဆရာကြီးက အဲဒါတွေနဲ့ အစီအရင်တွေပြုလုပ်ပြီး အဆောင်ပေးလိုက်ပါတယ်။ အဲ့ဒီအဆောင်နဲ့ အမြဲတမ်းဆူနေတဲ့သူဌေးကို ထိလိုက်တဲ့အခါ သူဌေးက နောင်နောင်ပြောသမျှစကားကို အကုန်လိုက်နာခဲ့ပြီး နောင်နောင်ကို ကားတစီးပါ ပေးခဲ့ပါတယ်။

သာယာနဲ့ ကိုစိုးမိုးတို့နှစ်ဦးချစ်သူတွေဖြစ်ပြီး ကိုစိုးမိုးမှာ ပုံပုံ(ရတနာဗိုလ်) ဆိုတဲ့ ညီမလေးတဦးရှိနေပါတယ်။ ညီမလေးနဲ့ သာယာကို မိတ်ဆက်ပေးပြီး သာယာကလည်း သူငယ်ချင်းနောင်နောင်ကို အဲဒီမိတ်ဆက်ပွဲကိုခေါ်သွားပါတယ်။ သာယာကို တဖက်သတ်ကြိုက်နေပြီး လက်မလွတ်ချင်အောင်ချစ်နေပေမယ့် ဟန်ဆောင်ပြီး အဲဒီပွဲကိုလိုက်သွားခဲ့တဲ့အခါ ပုံပုံကို နောင်နောင်က တွေ့မြင်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ကိုစိုးမိုးရဲ့ အချစ်တော် ညီမ ပုံပုံကို နောင်နောင်တွေ့မြင်ပြီး ဘယ်လိုအကြံတွေရခဲ့တယ်ဆိုတာ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အောက်လမ်းနည်းပညာဆရာကြီးဆီကို နောင်နောင်ရောက်သွားတဲ့အချိန်မှာ အထဲက ပြင်ဆင်ထားတဲ့အပိုင်းက ပရိသတ်ကို လန့်အောင်ဖမ်းစားထားနိုင်တယ်လို့ မြင်မိပါတယ်။ အော်ကလီဆန်စရာ အပြင်အဆင်များနဲ့ ထိတ်လန့်ဖွယ် ပြောစကားများက ပရိသတ်ကိုပါ အပြင်မှာ အော်ကလီဆန်အောင် ရိုက်ပြထား နိုင်ပါတယ်။

ရင်ခွဲရုံမှာ နောင်နောင် အလောင်းကောင်တွေဆီသွားတဲ့အခန်းမှာလည်း ပရိသတ်ကို ထိတ်လန့်မှုဖြစ်စေတဲ့ ကြောက်လန့်မှုရသကို ပေးစွမ်းနိုင်ပါတယ်။ ခါတိုင်းမြန်မာသရဲကားတွေမှာလို မလိုအပ်ဘဲ အတင်းပြူးပြဲခြောက်ပြနေတာ မျိုးတော့ မရှိပါဘူး။

သရဲခြောက်တဲ့အခန်းကလည်း မလိုအပ်ဘဲ အများကြီးမထည့်ထားဘဲ တခန်းဆိုတခန်း ရုပ်ရှင်ရုံထဲက ပရိသတ်တွေရဲ့ အော်ဟစ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေပါတယ်။ သရဲအတွက် မိတ်ကပ်အထူးပြုလုပ်ချက်တွေက အရင်ထက်ပိုပြီး ပီပြင်သေသပ်လာတာ မြန်မာရုပ်ရှင်ကြည့်ပရိသတ်တွေကို ကျေနပ်စေနိုင်ပါတယ်။

သရုပ်ဆောင်မှုအပိုင်းမှာ မင်းသားအလင်းရောင်က အသစ်ဆိုပေမယ့် သူရဲ့ဇာတ်ကောင်က ဗီလိန်လို့လည်း ဆိုနိုင်တဲ့အတွက် ဒါကို သေချာမလုပ်နိုင်ရင် ဇာတ်ကအရှိန်လျော့ကျစေနိုင်မယ့်ဇာတ်မျိုးပါ။ ဘဝကို မကျေနပ် အမြဲတမ်းဂျစ်ကန်ကန် ပေစောင်းစောင်းနဲ့ လိုချင်တာရဖို့ ဘာမမဆို သွေးအေးအေးနဲ့ရက်စက်တတ်တဲ့ပုံစံကို ရအောင်သရုပ်ဆောင်သွားနိုင်ပါတယ်။ တချက်တချက် မဲ့ပြုံးတွေ ၊ မထိတထိအပြုံးတွေက နည်းနည်းအိုဗာဖြစ်နေတာက လွဲရင် အသစ်တယောက်အနေနဲ့ သူဟာ သူအခန်းကို ပီပြင်တယ်လို့ ဆိုရမှာပါ။

ဖွေးဖွေးကတော့ သရဲဝင်ပူးတဲ့အခန်းတွေ၊ ထိတ်လန့်ရတဲ့အခန်းတွေမှာ သူရဲ့အနုပညာဝါအတိုင်း အကောင်းဆုံး သရုပ်ဆောင်သွားခဲ့ပါတယ်။ ရတနာဗိုလ်ကတော့ ဒီဇာတ်ကားမှာသူ့အတွက်အမှတ်တရက အမျိုးသားငါးယောက်က အဓမ္မဝိုင်းကျင့်တဲ့အခါ အော်ရတဲ့အခန်းလို့ ဆိုပါတယ်။ အဲဒီအခန်းကပဲ ပရိသတ်ရင်ကို တကယ်ထိစေခဲ့ပါတယ်။

ကျော်ထက်အောင်ရဲ့ အခန်းက အေးအေးဆေးဆေးနဲ့သိပ်ပြီး ဟီဗီးလုပ်ရတဲ့အခန်းမပါပေမယ့် ပရိသတ်တွေက အရင်စီစဉ်တင်ဆက်သူ ကျော်ထက်အောင်လို့ မမြင်တော့ဘဲ ကိုစိုးမိုးလို့ပဲ မြင်အောင် သူကို ပရိသတ်များ ဂရုဏာသက်နိုင်အောင်ကို သရုပ်ဆောင်နိုင်သွားပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ကားက ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ဒုတိယမြောက် ပရိသတ်ကို ခြောက်လန့်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ တာတေကြီး တုန်းကလည်း ပရိသတ်ရဲ့လက်ခံမှုကို ရရှိခဲ့ပြီး ဒီဇာတ်ကားကတော့ ပိုပြီးထိတ်လန့်စေတာတော့ အမှန်ပါပဲ။ ဒီဇာတ်ကားက မလေးရှားနိုင်ငံရဲ့ ရုပ်ရှင်ကားတကားကးို ကော်ပီကားလို့ အွန်လိုင်းမှာပြန့်နေပေမယ့် ရုံထဲမှာ မြန်မာသရဲကားကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်ကတော့ အပြည့်မလို့ အောင်မြင်နေတဲ့ကားတကားလို့ ဆိုရမှာပါ။

ဒါရိုက်တာဝိုင်းကတော့ ဒီကားက ဝတ္ထုကို ဝယ်ယူပြီးရိုက်ကူးထားတယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုထားဖူးပါတယ်။ အချစ်ကားတွေနဲ့ အနုအရွ ရိုမန့်တွေရိုက်ပြတတ်တဲ့ ဝိုင်းက ဒါမျိုးကိုလည်း ပိုင်နိုင်တယ်ဆိုတာ ပြသလိုက်သလိုပါပဲ။

မြန်မာသရဲကားကို ကြည့်ရှုချင်ပြီး ထိတ်လန့်ချင်တဲ့ ပရိသတ်တွေအတွက် ကာဗွန်ဒိုင်အောင်ဆိုဒ်ကတော့ မဖြစ်မနေကြည့်ရှုသင့်တဲ့ ရုပ်ရှင်တကားဖြစ်တယ်လို့ ညွန်းချင်ပါတယ်။

ဒီဇာတ်ကားမှာ သရုပ်ဆောင် အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး ၊ ရတနာဗိုလ်၊စိုးမိုးကြည်တု့ိက အဓိက ပါဝင်ထားပြီး ဒါရိုက်တာကတော့ဝိုင်း ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင် ၂၇ ရက်နေ့က ရုံတင်ပြစနေပြီ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading