Entertainment

ဂီတသက်တမ်း ၁၈ နှစ်ပြည့် "One Man Show" လုပ်မယ့် အဆိုတော် ဟဲလေး

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ဟဲလေးက တကိုယ်တော်တေးစီးရီး အခွေ ထွက်ရှိပြီး ပထမဆုံး တကိုယ်တော် “One Man Show” ကို မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။ တကိုယ်တော် “One Man Show” ကို၂၀၁၉ နှစ်စပိုင်းမှာ လုပ်ဖို့စီစဉ်နေပြီး ဒီပွဲနဲ့ ပတ်သက်လို့ ဟဲလေးက အခုလို ဆိုပါတယ်။

“တကိုယ်တော်ဆိုတော့လေ ဝုန်း ဒိုင်းဆို မလုပ်ချင်လို့ ကျနော် ၆ လလောက် အချိန်ယူထားပါတယ်။ အများကြီး ပြင်ဆင်ရတာပေါ့။ ကိုအီကြာကွေးတို့၊ ဦးစိုးအောင်တို့၊ မသီတာတို့၊ NEMC က ကိုဇာနည်တို့က ဝိုင်းဝန်းပြီး ရှင်ပြုပေးတဲ့ သဘောပေါ့။ ဂီတ အသက် ၁၈ နှစ်ပြည့်ပြီဆိုတော့ ရှင် မဟုတ်တော့ဘူးပေါ့လေ။ ပဉ္ဇင်းဝိုင်းတက်ပေးကြတာပေါ့”လို့ ဟဲလေးက ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာလည်း ဟဲလေးက “အကောင်းဆုံးတေးများ” တေးစီးရီးအခွေ ထွက်ရန် ရှိနေပြီး အဲဒီ အခွေကိုတော့ ၉ လပိုင်းလောက်မှာ ထွက်ဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။

“ကျနော် အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက အဟောင်းတွေ ရွေးပြီးတော့ ပြန်လုပ်ထားတာပါ ” လို့ ဟဲလေးက ပြောပါတယ်။ ဟဲလေးက ဂီတစတင် လှုပ်ရှားခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကစပြီး ယနေ့ ၂၀၁၈ခုနှစ်အတွင်း အောင်မြင်ခဲ့တဲ့ သီချင်းများစွာ ထဲကနေ အကောင်းဆုံးသီချင်းတွေ ပြန်လည်ရွေးချယ် ဖန်တီးမယ့် အခွေလို့လည်း ဆိုပါတယ်။

“ဒါကလည်း ချိုကြည်သာ ထုတ်ဝေရေးက အန်တီနီလာက လုပ်ချင်တာပေါ့နော်။ ကျနော်လည်း အန်တီနီလာနဲ့ပေါင်းပြီး လုပ်ဖြစ်တာပါ။ အန်တီနီလာက သားစိတ်ကြိုက် အကောင်းဆုံးလုပ်ပါတဲ့။ သီချင်းတွေကို ကျနော့်စိတ်ကြိုက်ပဲ လုပ်ခဲ့ရတာပါ” လို့ ဟဲလေးက ဆိုပါတယ်။

သီချင်းဟောင်းတွေဆိုပေမယ့် အကုန်အသစ်ပြန်ဆိုထားပြီး ကိုယ့်သီချင်းတွေ ကိုယ် ပြန်ဆိုရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီးလည်း ဟဲလေးက အခုလို ဆိုပါတယ်။

“အဲဒါက ပိုတာဝန်ကြီးတာပေါ့နော်။ ကိုယ့်အတွက်လည်း တာဝန်ပိုကြီးတဲ့အတွက် သေချာလုပ်နေတာ အခုဆိုအချိန် ၂နှစ်ရှိသွားပါပြီ။ ကိုယ့်ပုံစံဒီအတိုင်းကြီးပဲဆို ပျင်းသွားမှာစိုးလို့ အကုန်ပြန် ပြောင်းထားတယ်။ Version ရော၊ Music ရော၊ လူတွေရော ပြန် Change ထားတယ်”လို့ ဟဲလေးက ပြောပါတယ်။

ကိုယ့်စိတ်ကြိုက်လုပ်ခဲ့တဲ့ သီချင်းတွေထဲကမှ အကောင်းဆုံးကိုပြန်ရွေးချယ်ရတဲ့ အခက်အခဲတွေရှိပြီး သီချင်းအပုဒ်ရေ ၂၀ကျော်တယ်လို့ ဆိုပါတယ်။

ဟဲလေးရဲ့ “အကောင်းဆုံးတေးများ” တေးစီးရီးထဲမှာ စုံတွဲ အဆိုတော်များစွာ ပါဝင်မှာဖြစ်ပြီး သူနဲ့ တွဲဖက် သူငယ်ချင်း အဆိုတော်တွေဖြစ်တဲ့ အဆိုတော် အစ္စဏီ၊ D ယံ၊ Wai လျှံတို့အပြင် တွဲမဆိုဖူးသေးတဲ့ အောင်ထက်၊ ဖြိုးပြည့်စုံ ၊ဇွဲပြည့် ၊ ဝိုင်းလေး၊ ကေးကေး၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင်မာမြင့် စတဲ့ အတွဲ အဆိုတော်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading