အိန္ဒိယနိုင်ငံက စူပါစတားတွေဟာ ရုပ်ရှင်တကားအတွက် အနုပညာကြေးကို မတန်တဆ တောင်းတယ်လို့ မကြာခဏ စွပ်စွဲနေရပေမယ့် မင်းသား Aamir Khan ကတော့ သူများနဲ့မတူ တမူထူူခြားတဲ့သူလည်း ဖြစ်ပါတယ်။
တကယ်လို့များ သူပါဝင်ထားတဲ့ ရုပ်ရှင်က အောင်မြင်မှု မရခဲ့ရင် သူလည်း ဘာမှရမှာ မဟုတ်ဘဲ တကယ်လို့ အောင်မြင်ရင်တော့ သူလည်း အကျိုးအမြတ်များများ ရရှိမှာ ဖြစ်ပါတယ်။
မင်းသားက “ဇာတ်ညွှန်းက အခြေခံအုပ်မြစ်လို့ ကျနော် ထင်ပါတယ်။ ကျနော်က ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ ဖန်တီးရတာ သဘောကျတယ်လို့ ဆိုပေမယ့် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေဟာ အရှုံးနဲ့ ရင်ဆိုင်မနေသင့်ပါဘူး။ ဒီတာဝန်ကြီးကို ထုတ်လုပ် သူက သူ့ပုခုံးပေါ်မှာ တဦးတည်း ထမ်းနေရမှာကို ကျနော် ခွင့်မပြုပါဘူး” လို့ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယဇာတ်ညွှန်း ရေးဆရာများ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
အဲဒီပွဲကိုလာတဲ့ ပရိသတ်ထဲမှာရှိနေခဲ့တဲ့ မင်းသမီး Shabana Azmi က ရုပ်ရှင်ကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် အထိ သရုပ်ဆောင်တွေက အနုပညာကြေးတောင်းဆိုနေကြပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ရုပ်ရှင်ကို အောင်မြင်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။
အဲဒီအခါ မင်းသား Aamir က သူပါဝင်ထားတဲ့ ရုပ်ရှင်ဟာ ကုန်ကျစရိတ်၊ ပရိုမိုးရှင်း ဘတ်ဂျက် မကျေခဲ့ပါက အနုပညာ ကြေး ယူမှာမဟုတ်တဲ့ အကြောင်းနဲ့ ထုတ်လုပ်သူတွေက သူတို့ရဲ့ အကျိုးအမြတ်ကို ရယူနိုင်ကြောင်း ရှင်းပြထားပါတယ်။
မင်းသားက “ထုတ်လုပ်သူနဲ့ လူတိုင်းရဲ့ငွေက ကျေပြီဆိုမှ ရုပ်ရှင်ကုန်ကျစရိတ်က အဖက်ဖက်ကနေ ပြန်ရှာနိုင်ပြီဆို မှ ကျနော့်ရဲ့ ပထမဆုံး ရူပီးငွေကို လက်ခံပါတယ်။ ဒါဟာ ကျနော်အလုပ်လုပ်နေတဲ့ ပုံစံပါ။ ပြီးတော့ အမြတ်ရာခိုင်နှုန်း ထဲကနေတော့ များများစားစား ဖြတ်ယူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က ရုပ်ရှင်အတွက် အချိန်ကုန်ရတယ်။ ဒါကိုလည်း ထုတ်လုပ်သူတွေက ကျေနပ်ကြမယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောဆိုပါတယ်။
ဒါ့အပြင် အဲဒီလိုမျိုး ကျင့်သုံးတာဟာ အကောင်းဆုံး စီးပွားရေး ပုံစံတမျိုးလို့ ယုံကြည်ထားပြီးတော့ သူ့ရုပ်ရှင်အများစုမှာ တကယ်လို့ ထုတ်လုပ်သူက ငွေကြေးဆုံးရှုံးမှု မရှိဘူးဆိုရင် နောက်ရုပ်ရှင် အတွက် လက်မှတ်ထိုးမှာ အသေအချာ ဖြစ်တဲ့ အကြောင်းနဲ့ ဆုံးရှုံးမှု မရှိနိုင်ဘူးဆိုမှသာ ရုပ်ရှင်တခုကို အမြဲတမ်း လက်မှတ်ထိုးလေ့ရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။
အသက် ၅၃ နှစ်အရွယ် မင်းသားဟာ ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Lagaan” ရုပ်ရှင်မှာ ဒီလို စီးပွားရေး ပုံစံမျိုးကို စတင်အသုံးပြုဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားက “အဲဒီအချိန်တုန်းက အဲဒီရုပ်ရှင်ဟာ ငွေကုန်ကြေးကျများတဲ့ ရုပ်ရှင်တခုဖြစ်ပြီး အဓိက လှုပ်ရှားနေကြ တဲ့ အိန္ဒိယရုပ်ရှင်ရုံ စည်းမျဉ်းအများအပြားကို ချိုးဖောက်ခဲ့ရတာကြောင့် တာဝန်ယူမှုဟာ အရေးကြီးတယ်လို့ ကျနော် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ကျနော် အဲဒီရုပ်ရှင်မှာ ပါဝင်လာတဲ့အခါ ထုတ်လုပ်သူတွေနဲ့ ငွေကြေးစိုက်ထုတ်မယ့်သူတွေက ကျနော့်ကို ယုံကြည်လို့ ကျနော်ရွေးချယ်ခဲ့တဲ့ ရုပ်ရှင်နဲ့ပတ်သက်လို့ မေးခွန်းထုတ်တာမျိုး မလုပ်ကြပါဘူး။ ဒါကြောင့် အကျိုးအမြတ် ရစေချင်တာပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref:ptinews