Entertainment

လူမှုကွန်ရက်ပေါ်မှာ HD ထွက်လာတာနဲ့ ပတ်သက်ပြီး မေမဒီ ဘာပြောလဲ

Myanmar Idol Season 3 ရဲ့ ဆန်ခါကာတင် ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ မေမဒီက လူမှုကွန်ရက်ပေါ်မှာ HD ထွက်ခဲ့တယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပြန်လည် ဖြေရှင်းခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဲဒီဟာက ညီမက ပထမတုန်းက မသိဘူး။ သူငယ်ချင်းတွေနဲ့ Admin တွေရှိတယ်။ သူတို့တွေက လာပြတယ်။ ဒီလိုတွေဖြစ်နေပြီဆိုတာ အစကတော့ သူတို့ဘာသာသူတို့ ဖြေရှင်းနေတာ မရဘူး။ ကိုယ့်ဆီ ရောက်လာတဲ့အခါကျတော့ အမေက တွေ့သွားတာ သူကနဂိုကတည်းက ကျန်းမာရေး မကောင်းဘူး။ အဲဒီလိုမျိုးအချိန်မှာ ဒါမျိုးတွေဖတ်လိုက်ရတော့ သားသမီးကိုထိတယ်ဆို မိဘကပိုပြီး ခံစားရတာပေါ့နော်။ အဲဒီအခါ ကျတော့ ကျန်းမာရေးပိုဆိုးသွားတယ်။ အဲဒီမှာ ညီမကဒေါသထွက်ပြီး တင်လိုက်တာပါ”လို့ မေမဒီ က ပြောပါတယ်။

ကြိုးစားနေဆဲကာလမှာ မဟုတ်တာပြောခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး “အပင်မြင့်လေ လေတိုက်လေ” ဆိုတဲ့အတိုင်း ပြောခံရတာဖြစ်ပေမယ့် အခုအချိန်မှာ ကြိုးစားနေဆဲသာ ဖြစ်ပါသေးတယ်လို့ မေမဒီက ပြောပါတယ်။

“စကားပုံရှိတယ်လေ။ အပင်မြင့်လေ လေတိုက်လေဆိုတာ။ တကယ်တော့ညီမက အပင်လည်း မမြင့်သေးပါဘူး။ အခုမှမြင့်ဖို့အတွက်ကို ကြိုးစားနေတာပါ။ ကြိုးစားနေဆဲကာလမှာ အဲဒီလိုမျိုး လုပ်တဲ့အခါကျတော့ စိတ်မကောင်းဘူးပေါ့။ လူတိုင်းကတော့ သူတို့စိတ်ထဲမှာ ရှိတာကို လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီအပေါ်မှာ ဟုတ်လား မဟုတ်လားကိုတော့ စဉ်းစားရမှာပေါ့နော်။ အဲဒီအတွက်တော့ ဘာမှမပြောချင်ပါဘူး” လို့ မေမဒီက ပြောပါတယ်။

မေမဒီကတော့ Myanmar Idol Season 3 မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူတဦးဖြစ်ပြီး မိုးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ရတဲ့အပတ်မှာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

မေမဒီကတော့ အနုပညာ အလုပ်တော်တော်များများကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကမ်းလှမ်းလာတဲ့အခါ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာကြိုက်တယ်လို့ ပြောပါတယ်။

Loading