Entertainment

“Myanmar Idol ဟာ သီချင်းဆိုပြိုင်ပွဲဖြစ်ပြီး အအော်ပြိုင်ပွဲ မဟုတ်ဘူး”

Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာခုဆိုရင် ပြိုင်ပွဲဝင် ၃ ဦးသာ ကျန်ရှိတော့တာဖြစ်ပြီး အဲ့ဒီ ၃ ဦးထဲကမှ ချမ်းမြေ့မောင်ချိုရဲ့ အသံကြည်လင်မှု ရှိပေမယ့် သီချင်းဆိုရာမှာ ခံစားချက် နည်းနည်း လိုနေတယ်လို့ ဂီတပညာရှင် ဦးစောနုက သူရဲ့ အမြင်ကို ဧရာဝတီနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

“Myanmar Idol ကို ဘယ်လိုမြင်လဲဆို Voting စနစ်နဲ့သွားတဲ့အခါ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းတယ်။ မိဘကို လုပ်ကျွေးတယ်။ အဲ့လိုဆိုတော့ မြန်မာလူမျိုးတွေက သနားကြတယ်။ အဆိုပိုင်းမှာ တကယ်တိုးတက်အောင် လုပ်တဲ့အခါ သနားလို့ မရဘူး။ မကောင်းရင် မပေးနဲ့၊ ကောင်းရင်ပေး။ အမှတ်ပေးတဲ့အခါ ဒိုင်တွေက ၆၀ ရာခိုင်နှုန်း ယူထား၊ ပရိသတ်က ၄၀ ရာခိုင်နှုန်း ယူထားရင် သူတို့ ဘယ်လောက်ပဲ တက်လာတက်လာလေ။ ရာခိုင်နှုန်းက ၄ဝ ရာခိုင်နှုန်းပဲ ရှိတယ်။ သင့်တော်တဲ့သူကို ပေးကိုပေးရမယ်” လို့ ဦးစောနုက ဧရာဝတီကို ပြောပါတယ်။

“မောင်ချိုကတော့ တော်တော်လေး ကောင်းတယ်။ သူ့မှာ အသံကြည်လင်မှု ရှိတယ်။ သီချင်းကို ဖွဲ့နွဲ့သီကုန်းမှု မှာလည်း ကောင်းတယ်။ သူလိုတာ Feeling (ခံစားချက်) နည်းနည်း လိုနေတယ်။ သူ့နှလုံးသား ဘယ်သွားပြုတ်ကျ ကျန်ခဲ့လဲ မသိဘူး။ ခံစားချက် Feeling လေး နည်းနည်း ထည့်လိုက်ရင် မောင်ချိုကို ပေးသင့်တယ်”လို့ ဦးစောနုက ဆိုပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ အဆိုပြိုင်ပွဲဖြစ်ပြီး အအော်ပြိုင်ပွဲ မဟုတ်ဘူးလို့လည်း ဦးစောနုက ဆိုပြီး အကဲဖြတ်ဒိုင်များနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“Rock ဆိုတုန်းက ဒိုင်တွေက ပါဝါကြီးတွေထွက်လာပြီးတော့ အမေ သူရဿသီမယ်တော်တောင် မနေနိုင်ဘူးဆိုပြီး ပြောတယ်။ ပါဝါကြီးတွေထွက်လာတာ အဲ့တာပါဝါမှ မဟုတ်တာ။ ပါဝါ ဘယ်နေရာ ရှိလို့ရှိမှန်း သူတို့မှ မသိတာ။ အော်တာ ပါဝါမှ မဟုတ်တာ။ ရွာမှာ အော်ပြောနေတာ။ ငါ့ညီတွေဆို ဟိုဘက်ရွာကနေ ဒီဘက်ရွာကို လှမ်းအော်နိုင်တယ်။ ဂျပန်မှာ အအော် ပြိုင်တယ်။ အအော်နိုင်ဆုံးက မီတာတက်တဲ့သူက ပထမ။ ဒါကအအော်ပြိုင်နေတာ မဟုတ်ဘူး။ အဆိုပြိုင်နေတာ” လို့ ဦးစောနုက ပြောပါတယ်။

Myanmar Idol အဆိုပြိုင်ပွဲကို ယနေ့ည ၉ နာရီမှာ ပြသမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်၊ ဇော်ကြီးနဲ့ ချမ်းမြေ့မောင်ချို တို့ သုံးဦးက ယှဉ်ပြိုင်သီဆိုရကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ နောက်ဆုံးဖိုင်နယ်အထိ တက်ရောက်ပြီး Winner ဖြစ်ဖို့ ရေပန်းစားနေသူ နှစ်ဦးကတော့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ဦးဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်အဆိုပြိုင်ပွဲတွေ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်ကြောင်း ထောက်ပြလိုက်သူ ဦးစောနု

Loading