Entertainment

ပရိတ်သတ်တွေထင်သလို မဟုတ်တဲ့အကြောင်း ငြင်းဆိုလိုက်တဲ့ မင်းသား Park Seo Joon

ကိုရီးယားမင်းသား Park Seo Joon (ဘတ်ဆောဂျွန်း) ဟာ “What’s Wrong With Secretary Kim” ဒရာမာ ပြီးဆုံးပြီး မရှေးမနှောင်းမှာပဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသမီး Park Min Young (ဘတ်မင်ယောင်) နဲ့ မေတ္တာမျှနေပြီဆိုတဲ့ ကောလာဟလသတင်းတွေကို ရှင်းလင်း ပြောဆို သွားခဲ့ပါတယ်။

ဒီတခါမှာလည်း အသက် ၂၉ နှစ်အရွယ် မင်းသားဟာ အချစ်ရေးကောလာဟလသတင်းတွေဟာ အမှန်ဖြစ်တယ်လို့ ပရိသတ်တွေကို ယုံကြည်စေခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တိုက်ဆိုင်မှုတွေကိုလည်း ငြင်းဆိုသွားခဲ့တာပါ။

မင်းသား Park က “ခရီးတွေအတူတူသွားခဲ့တာတွေ တူညီတဲ့ပစ္စည်းတော်တော်များများတွေကို ပရိသတ်တွေ က ပြောကြတယ်။ သက်သေပြဖို့ကျနော်က ခရီးထွက်ပြသလို ဖြစ်နေတယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ကျနော် အမှားတခုမှ မလုပ်ရသေးတဲ့အတွက် ရှင်းလင်းပြောဆိုဖို့လိုအပ်တယ်လို့ ကျနော်မထင်ပါဘူး။ စုံတွဲပစ္စည်းတွေ အကြောင်းကတော့၊ အခုအချိန်မှာ လူပြောများနေတဲ့ ပစ္စည်းတွေ၊ ဖက်ရှင်တွေ၊ အင်္ကျ ီတွေကို ဝတ်ရတာ သဘောကျကြတယ်လေ”

“ကျနော့်မှာ အဲဒါမျိုးအရောင်အများကြီးရှိတယ်။ အဲဒါတွေကို အတင်းကြီး လုပ်ယူပြီး ပြောနေကြမယ် ဆိုရင် ကျနော်လည်း ပြန်ပြောစရာစကားမရှိတော့ဘူး။ ကျနော်က တော်တော်လေးကို သိသာနေပြီ ဆိုပြီး တချို့တွေက ပြောကြတယ်။ ဒါပေမယ့် သိသာနေခဲ့တာလားဆိုတာ ကျနော် မသိခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူတွေကလည်း မင်းသား Park ရဲ့ ဂျာစီနံပါတ်ဖြစ်တဲ့ 34 ဟာ မင်းသမီး Park ရဲ့ မွေးနေ့ဖြစ်တဲ့ ၄ လပိုင်း၊ ၃ ရက်နေ့ကို ရည်ညွှန်းတာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘေ့စ်ဘော အသင်းမှာ ကစားတဲ့အချိန်မှာ ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၃၄ ဟာ အသင်းထဲမှာ ရုပ်ရည်အချောမောဆုံး သူသာ ဝတ်ဆင်ရတဲ့ နံပါတ် ဖြစ်တဲ့ အတွက်ကြောင့် အဲဒီနံပါတ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အခုတခေါက် ကောလာဟလသတင်းတွေမှာ လူပြောစရာ ဖြစ်ခဲ့ရတာလို့ သူကဆိုပါတယ်။

ဒါပေမယ့် အခုလိုမျိုး အချစ်ရေးကောလာဟလသတင်းတွေကို ရှင်းလင်းရတဲ့အခါ ချီတုံချတုံ ဖြစ်မိ ပေမယ့် သိချင်နေကြတဲ့ လူတော်တော်များများရှိနေပြီးတော့ ကျနော် ဒီကိစ္စအကြောင်း နှုတ်ဆိတ် နေတယ် ဆိုတာလည်း အမှန်မဟုတ်ပါဘူး။

အခုလိုမျိုး နာမည်ကျော် “What’s Wrong With Secretary Kim” ဇာတ်လမ်းတွဲမှာ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park နဲ့အတူ တွဲသွားတွဲလာလုပ်တဲ့အချိန်မှာ ရှက်ရွံတာမျိုးမဖြစ်ခဲ့ပေ မယ့် ကောလာဟလထွက်လာခဲ့အခါ စိတ်ထဲစနိုးစနောင့် ဖြစ်မိတဲ့အကြောင်းကိုလည်း မင်းသားက ပြောဆို ထားပါတယ်။

ဒါပေမယ့် အခုလိုမျိုး မင်းသား Park ရှင်းပြတဲ့အတိုင်း ပရိသတ်တွေကတော့ အလွယ်တကူ မယုံကြည်ခဲ့ကြပါဘူး။ တခါက မင်းသားဟာ မင်းသမီး Baek Jin Hee နဲ့တွဲခဲ့စဉ်မှာလည်း မင်းသမီးရဲ့ မွေးနေ့ ၂ လပိုင်း ၈ ရက်နေ့ကို ကိုယ်စားပြုတဲ့ နံပါတ် ၂၈ ကို ဝတ်ဆင်ခဲ့ဖူုးတဲ့အကြောင်း ထောက်ပြ ပြောဆိုတာတွေ ရှိနေပါတယ်။

တချို့ကလည်း မင်းသမီး Park နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ရှင်းလင်းပေးဖို့ မင်းသား Park ကို တောင်းဆို ထားကြပါတယ်။ သူတို့နှစ်ဦး တွဲနေကြပြီဆိုတဲ့ သတင်းကတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ Sports DongA သတင်းစာမှာ ပါရှိတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။

အဲဒီသတင်းစာရဲ့အဆိုအရ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်နှစ်ဦးဟာ tvN ရုပ်သံလိုင်းမှာ အတူတွဲ သရုပ်ဆောင် ခဲ့တဲ့ ဇာတ်လမ်းတွဲမပြီးဆုံးမီ တွဲနေတာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့အကြောင်း ဖော်ပြရေးသားထားပါတယ်။

အတွင်းသတင်းတခုက “လူတော်တော်များများက သူတို့ရဲ့ အချစ်ရေးအကြောင်း သိချင်နေ ကြပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်အနေနဲ့သာ ထားလိုတဲ့အတွက် သူတို့အလုပ်ထက် ကိုယ်ရေးကိုယ်တာ ကိစ္စကို ပိုအာရုံမစိုက် ချင်ကြပါဘူး။” လို့ ပြောဆိုခဲ့ကြပါတယ်။

မင်းသားနဲ့ မင်းသမီးတို့ဟာ စုံတွဲပစ္စည်းတွေ ဝတ်ဆင်ကြပြီး ခရီးအတူတူ ထွက်ကြတာကိုလည်း ထောက်ပြကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကတော့ အဲဒီကောလာဟလ သတင်းတွေကို ငြင်းဆိုထားပါတယ်။

Ref:aceshowbiz

Loading